မြင်းမူ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ယခုအခါ ဆောင်းကုလားပဲများ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စိုက်ပျိုးတောင်သူများအနေဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြသည်။
ယခုအခါ ဒေသခံတောင်သူများအနေဖြင့် အထွက်နှုန်း ပိုမိုကောင်းမွန်သည့် (၉၂၂) မြန်မာမျိုး ဒေသအခေါ် (အနီ) မျိုးကို အများအပြားစိုက်ပျိုးကြပြီး ကုလားပဲ(၁)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် မျိုး(၃)တင်းအပါအဝင် တောင်သူစရိတ်၊ ဆေးဝါးအသုံးပြုခ၊ နုတ်သိမ်းအပြီး ငွေကျပ် ၅၅၀၀၀၀ ခန့်ကုန်ကျကြောင်း၊ တောင်သူအများစုမှာ သီတင်းကျွတ်လတွင် စိုက်ပျိုးကာ ပြာသိုလတွင် နုတ်သိမ်းကြကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧက ပျှမ်းမျှတင်း(၄၀)ထွက်ရှိကြောင်း၊ ယမန်နှစ်တွင် ကုလားပဲ (၁)တင်းဈေးမှာ ငွေကျပ် ၆၀၀၀၀ ဈေးရရှိခဲ့၍ ယခုနှစ်တွင်လည်း ဈေးကောင်းရရန် မျှော်လင့်ကြောင်း မြင်းမူမြို့ တပင်ရွှေထီးရပ်မှ ကုလားပဲစိုက်ပျိုးတောင်သူ ဒေါ်စန်းစန်းထံမှ သိရှိရသည်။
မြင်းမူမြို့နယ်တွင် ပဲမျိူးစုံ (၃၇၀၂၅)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ဒီဇင်ဘာလကုန် ကွင်းမပိတ်အချိန်ထိ (၃၅၂၇၃)ဧကကို စိုက်ပျိုးထားရှိပြီး ဖြစ်ကြောင်းနှင့် ကုလားပဲအနေဖြင့် စိုက်ပျိုးရန်လျာထား (၁၄၅၄၀)ဧကအနက် ကွင်းမပိတ်ချိန်ထိ (၁၄၃၁၈)ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး ကျန်ရှိ ပဲစိုက်မြေများတွင်လည်း ဒေသခံတောင်သူများက ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးရဲမြင့်သိန်းထံမှ သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)


