မြင်းမူ မတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် စိုက်ပျိုးထားရှိသည့်  ပဲနီလုံး (အထွက်တိုးမျိုး)များကို  စတင်ရိတ်သိမ်းခြွေလှေ့ ရောင်းချလျက်ရှိရာ ဈေးနှုန်းကောင်းမွန် ခြင်းကြောင့် ပဲနီလုံးစိုက်ပျိုးရောင်းချသူတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒေသခံတောင်သူများအနေဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်သည့် အထွက်တိုး ပဲနီလုံးများကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြကြောင်း၊ တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုးပြီး တပို့တွဲလနှင့် တပေါင်းလများတွင် ရိတ်သိမ်းကြကြောင်း၊ (၁)ဧကလျှင် မျိုးစေ့ပြည်(၂၀)နှင့် ထွန်ယက်ခအပါ (၃)သိန်းခန့် ကုန်ကျမှုရှိကြောင်း၊ (၁)ဧကလျှင် တင်း(၃၀)ခန့် ထွက်ရှိကြောင်း၊ ယခုလက်ရှိဈေးတွင် (၁)တင်းလျှင် ငွေကျပ်(၄၅၀၀၀)ကျပ်ရှိ၍ ကုန်ကျစရိတ်နှုတ်ပြီး အမြတ်ငွေ(၁၀)သိန်းကျော်ရရှိကြောင်း ပဲစိုက်တောင်သူ ဒေါ်ဝင်းမော်ထံမှ သိရသည်။

မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်စိုက်ပျိုးရာသီတွင် ပဲမျိူးစုံ (၃၇၀၂၅)ဧကကို လျာထားချက်အမီ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

အောင်စိုးဖေ (မြင်းမူ)