မြင်းမူ ၃၀ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့တွင် တည်ဆောက်လျက်ရှိသည့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်း လုပ်ငန်း (၆၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားရုံအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက် ခြင်းဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပွဲကြည့်စင်များ၏ အောက်ဖက်တွင် နားနေခန်းများ၊ အဝတ်လဲခန်းများ၊ (၄)ခန်းတွဲ Toilet (၂)လုံး ပါဝင်တည်ဆောက်လျက်ရှိကြောင်း တာဝန်ခံ အင်ဂျင်နီယာ ဦးမင်းသူဟန်ထံမှ သိရသည်။
ယခုတည်ဆောက်လျက်ရှိသော မိုးလုံလေလုံ အားကစားရုံမှာ အလျား (၁၂၀)ပေ၊ အနံ (၉၀)ပေနှင့် အမြင့် (၃၁)ပေရှိမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၂၆၁ ဒသမ ၁၀၀) သန်းဖြင့် Friends Teach 99 ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)