မြင်းမူ ၁၅ ဧပြီ
အခြေခံလူတန်းစား ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်လျက်ရှိသော အခြေခံစားသောက်ကုန် ပစ္စည်းများကို ဧပြီ ၁၂ ရက်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် စနစ်တကျ ထောက်ပံ့ပေးအပ်လျက်ရှိရာ ဧပြီ ၁၅ ရက်တွင် ရပ်ကွက်နှင့် ကျေးရွာအိမ်ထောင်စုအားလုံးသို့ ဖြန့်ဝေပေးပြီးဖြစ်ကြောင်း သိရှိရသည်။
မြင်းမူမြို့နယ်အတွင်း ရပ်ကွက်ကြီး(၄)ခုနှင့် ကျေးရွာအုပ်စု (၄၈)အုပ်စုရှိ အိမ်ထောင်စုများအား ဧပြီ ၁၂ ရက်မှစတင်ကာ ထောက်ပံ့စားသောက်ကုန်များကို ကျေးရွာနှင့် ရပ်ကွက်အသီးသီးရှိ အုပ်ချုပ်ရေးအဖွဲ့များထံသို့ အလှည့်ကျထုတ်ပေးခဲ့ကြောင်း၊ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် ကျေးရွာများအား အလှည့်ကျ ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာအသီးသီးတွင်လည်း ကူးစက်ရောဂါမဖြစ်စေရေးအတွက် စနစ်တကျပေးအပ်ခြင်းများ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်ထံမှ သိရှိရသည်။ ယနေ့ နောက်ဆုံးထောက်ပံ့ပေးအပ်ခဲ့သော အလ္လကပ္ပကျေးရွာတွင် အိမ်ထောင်စု (၅၄၆)စုရှိပြီး ထောက်ပံ့ပစ္စည်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်တို့က အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြင်းမူမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအသီးသီးမှ အခြေခံလူတန်းစား စာရင်းရှိ အိမ်ထောင်စုပေါင်း (၁၂၀၅၇)စုအား တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည် အပါအဝင် ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီတို့အား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ) (ပြန်/ဆက်)