မြင်းမူ ၁၃ နိုဝင်ဘာ
အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို နိုဝင်ဘာ (၁၃) ရက် (ယနေ့) နံနက်ပိုင်းက၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့သည်။
စာစီစာကုံးပြိုင်ပွဲသို့ မြင်းမူမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၁၅) ဦးနှင့် အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူ ၂၀ စုစုပေါင်း (၃၅) ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း၊ အထက်တန်းဆင့်နှင့် အလယ်တန်းဆင့်များမှ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ (၆) ဦးကိုရွေးချယ်ကာ မူယင်းအဖြေလွှာနှင့် ကျောင်းသား/ကျောင်းသူတို့၏ ကိုယ်ရေးအချက်အလက်များကို ခရိုင်နှင့် တိုင်းပညာရေးရုံးများသို့ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ဒုတိယပညာရေးမှူး ဦးတင်ကိုထံမှသိရှိရသည်။
ပြိုင်ပွဲခေါင်းစဉ်များအနေဖြင့် အထက်တန်းဆင့်တွင် နိုင်ငံ့သားကောင်းဖြစ်ရန် လူငယ်တို့၏တာဝန်များနှင့် အလယ်တန်းဆင့်တွင် ကိုယ်ကျိုးအတွက် စဉ်းစားခြင်းနှင့် အများအကျိုးတွက်စဉ်းစားခြင်း ခေါင်းစဉ်တို့ သတ်မှတ်ယှဉ်ပြိုင်ရကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)



