မြင်းမူမြို့တွင် ဒေသထွက်ဝါများအား ပုဂ္ဂလိကဝါကြိတ်စက်မှ ပုံမှန်ဝယ်ယူလျက်ရှိ

မြင်းမူ နိုဝင်ဘာ ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်  မြင်းမူမြို့နယ်အတွင်းရှိ  ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့်   ဝါများထွက်ရှိပြီဖြစ်ရာ မြို့ပေါ်ရှိပုဂ္ဂလိကဝါစက်မှ   ဝယ်ယူထုပ်ပိုးလျက် အခြားမြို့များသို့ တင်ပို့ရောင်းချနေပြီဖြစ်ကြောင်း သိရှိရသည်။

 

ဝါအမျိုးအစားများအနေဖြင့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေခြည်(၉)၊ ငွေခြည်(၁၁) နှင့် ငွေခြည်(၆)မျိုးများကို စိုက်ပျိုးကြရာ အဓိကအားဖြင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ရွှေတောင်(၈)မျိုးကို  အများအပြားစိုက်ပျိုးကြကြောင်း၊ မိုးကောင်းသောက်ဝါ(၁)ဧကလျှင် ဝါပိသာချိန်(၆၀၀)ခန့်နှင့်  ဖြည့်စွက်ရေထပ်ပေးပြီးစိုက်ပျိုးနိုင်ပါက  ဝါပိသာချိန်(၈၀၀)ခန့် ထွက်ရှိနိုင်ကာ  စက်တင်ဘာလမှစ၍ ဝါများ ကောက်ယူရောင်းချလျက်ရှိကြောင်း သိရှိရသည်။

 

ယခင်လများတွင်‌ ကောက်ယူရောင်ချချိန်တွင်  မိုးတွင်းရာသီဖြစ်သည့်အတွက် အစိုဓါတ် ပါဝင်မှုများကြောင့်    ဝါအရည်အသွေး မပြည့်မီသည့်အတွက်  ဝါ(၁)ပိသာလျှင်ငွေကျပ်(၁၀၀၀) ဈေးသာ ရောင်းချရသော်လည်း ယခုမိုးလွတ်ရာသီတွင် ဝါ(၁)ပိသာလျှင် ငွေကျပ်(၁၄၀၀)ဈေးရရှိနေကြောင်းနှင့်    ယခင်နှစ်တွင်ဝါ(၁)ပိသာလျှင်     ငွေကျပ်(၁၆၀၀)အထိ ရောင်းချခဲ့ရကြောင်း၊ ဝါစိုက်တောင်သူ ဦးမောင်စိုး ထံမှ သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)