မြောက်ဦး၊ ၂၄ ဒီဇင်ဘာ

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် အလယ်ပိုင်းရပ်ကွက်  (BOC)လမ်းသွယ် (၂)လမ်း၌ ဒီဇင်ဘာ ၂၃ ရက်  ညနေ ၅ နာရီ ၁၅ မိနစ်က လူနေအိမ် (၂)လုံးနှင့်ကုန် ပစ္စည်းသိုလှောင်သည့် ဂိုဒေါင်(၁)လုံး မီးလောင်မှု ဖြစ်ပွားနေကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်စဉ်မှာ  ဦးမောင်ဖြူချေ (၅၂ နှစ်)၏ ကုန်ပစ္စည်းသိုလှောင်သည့် ဂိုဒေါင်အတွင်းရှိ ဟောင်းနွမ်းနေသော နှစ်ပင်လိမ်ဝိုင်ယာကြိုး ရှော့ခ်ဖြစ်ရာမှ အနီးရှိ ကြာဆံဖာကို မီးစတင်ကူးစက် လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်ရာနေရာသို့ မင်းပြားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ မြောင်းဘွေနယ်မြေစခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ခရိုင်မီးသတ်စခန်းမှ အမြှုပ်မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၂)စီး စုစုပေါင်း မီးသတ်ယာဉ်(၈)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

အဆိုပါ မီးကူးစက်လောင်ကျွမ်းမှုကြောင့် ဦးမောင်ဖြူချေပိုင်ဆိုင်သော နေအိမ် တစ်လုံး၊ အနီးရှိ ဦးအောင်ကျော်ညွန့် ပိုင်ဆိုင်သော နေအိမ်(၁)လုံးနှင့် ကုန်ပစ္စည်းသိုလှောင်သည့် ဂိုဒေါင်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

 

မီးလောင်မှုကြောင့် မီးဘေးသင့်သူ (၁၀)ဦးတို့ကို နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ယာယီနေရာချထားလျက်ရှိပြီး  မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဦးမောင်ဖြူချေ အသက်(၃၈)နှစ်အား မင်းပြားမြို့နယ် မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)