မင်းပြား ၂၃ မေ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေ ၂၂ ရက် နံနက် ၈ နာရီက မင်းဘာကြီးရပ်ကွက်ရှိ ဓမ္မာရုံအတွင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ရပ်ကွက်အတွင်း နေထိုင်သူများ၏ သတ်မှတ်နိုင်ငံသား စိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း မရှိသေးသော ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ အသက် (၁၆) နှစ်နှင့် (၁၈) နှစ်ကြား (၂၄) ဦး၊ အသက် (၁၈) နှစ်ပြည့်ပြီးသူ (၁၅၀) ဦးတို့ကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသခင်ချိုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား လည်းကောင်း၊ မြို့နယ် ဦးစီးအရာရှိ ဦးအောင်အောင်မှ ဒေသခံ ပြည်သူတစ်ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သိရသည်။ ပန်းခင်းစီမံချက်ဖြင့် ကျန်ရှိနေသေးသော မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ကွင်းဆင်းပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆက်လက်အကောင်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိထံမှ သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)


