မင်းပြား မေ ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်ခင်ဇော်သည် မေ ၂၄ ရက်က မင်းပြားမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့်၊ ဆောင်ရွက်ရန်ကျန်ရှိနေမှုများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများအား ဆွေးနွေးသည်။
ဆက်လက်ပြီး ဗိုလ်မှူးချုပ်ခင်ဇော်သည် မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့်အဖွဲ့ဝင်များ လိုက်ပါပြီး မင်းပြားမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းဝင်းအတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေသည့်သစ်ပင်ကြီးများ၊ သစ်ကိုင်းများအား မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဝန်ထမ်းများက ခုတ်ထွင်ရှင်းလင်းနေမှုများအား ကြည့်ရှုကာ အားပေးစကားပြောကြားသည်။ ဆက်လက်ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းဖွင့်ချိန်တွင် ကျောင်းသားများ အမိုးအကာလုံခြုံစွာ ပညာသင်ကြားနိင်ရေးအတွက် ပျက်စီးမှုအား အချိန်မီပြုပြင်နိုင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
သောင်းရွှေ(ပြန်/ဆက်)