စစ်တွေ ဧပြီ ၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၇ ရက် နံနက်ပိုင်းက မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်နှင့် စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧပြီ ၆ ရက် ညနေပိုင်းက မင်းပြားမြို့၊ မြို့မဆိပ်ခံ တံတားချည်းကပ်လမ်း ဒီရေတိုက်စားမှုကြောင့် ပျက်စီးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရခိုင်ပြည်နယ်၊ ဆိပ်ကမ်းအရာရှိချုပ်နှင့် ပြည်နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက လိုက်လံရှင်း လင်းပြသကြသည်။ ဧပြီ ၇ ရက် နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းပြားမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိန်းတောင်ဇီဝှာဓာတ်တော် စေတီတော်မြတ်အား သွားရောက်ဖူးမြော်ကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းကြပြီး စေတီတော်ဓမ္မာရုံ၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော် ဆောင်ဆရာတော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများအား ဖူးမြော်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊ မင်းပြားမြို့၊ ပရိယတ္တိဓမ္မိကာရုံကျောင်းတိုက်နာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒာစရိယထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းပြားမြို့၊ ရာမောင်ခန်းမ၌ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲသို့ တက် ရောက်ကြသည်။ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မင်းပြားမြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူမှုရေးဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး မြို့မိ၊ မြို့ဖများနှင့် လုပ်ငန်းရှင်းများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့တို့ကို ရိုးရာဝတ်စုံများနှင့် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ပြီး မင်းပြားမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း RCC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာက လိုက်လံရှင်းလင်းပြသသည်။ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး စေတနာထား ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်သို့ သွားရောက်ပြီး ပေါက်တောမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည်။ 

 တင်ထွန်း(ပြန်/ဆက်)