၂၁ စက်တင်ဘာ
Star Wars ရုပ်ရှင်ဇာတ်ကားမှာ မင်းသားဟာရီဆင်ဖို့ဒ် Han Solo အဖြစ် သရုပ်ဆောင်စဉ် ဝတ်ဆင်ခဲ့တဲ့ ဂျက်ကက်အင်္ကျီကို ကြာသပတေးနေ့က လန်ဒန်မြို့မှာ လေလံတင် ရောင်းချရာမှာတော့ မအောင်မြင်ခဲ့ပါဘူး။ အဲဒီဂျက်ကက်ဟာ ရှားပါးလှတဲ့ ရုပ်ရှင်ဇာတ်ကား အမှတ်တရ ပစ္စည်းဖြစ်ပြီး လန်ဒန်မြို့မှာရှိတဲ့ BFI IMAX ရုပ်ရှင်ရုံမှာ လေလံတင် ရောင်းချခဲ့တာပဲဖြစ်တယ်။ အဲဒီလေလံပွဲဟာ ရုပ်ရှင်အမှတ်တရ ပစ္စည်းတွေ ရောင်းချတဲ့ လေလံပွဲလည်း ဖြစ်ပါတယ်။ အဲဒီပွဲမှာ Indiana Jones ၊ Forrest Gump အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားထဲက အမှတ်တရ ပစ္စည်းတွေကိုလည်း ဝယ်ယူစုဆောင်းနိုင်ပါတယ်။
အဲဒီဂျက်ကက် အင်္ကျီကို ရောင်းချရာမှ ခန့်မှန်းခြေအားဖြင့် ဒေါ်လာတစ်သန်းကျော် ရရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပြီး လေလံပွဲမှာ ဈေးအကြီးဆုံးပစ္စည်း ဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဈေးပြိုင်ပေးရာမှာတော့ ဒေါ်လာ ၅၉၇၂၃၇ သာ ဈေးရရှိခဲ့ပါတယ်။ အရောင်းမန်နေဂျာကတော့ ဒီဂျက်ကက်အင်္ကျီဟာ ထိုက်တန်တဲ့ပိုင်ရှင်နဲ့ မတွေ့သေးပါဘူး။ ဒါပေမယ့်လည်း လာရောက်မေးမြန်း စုံစမ်းသူတွေ အများကြီးရှိပါတယ်လို့ အရောင်းမန်နေဂျာက ပြောပါတယ်။ လေလံပွဲအတွင်းမှာ Star Wars ဇာတ်ကားတွေဖြစ်တဲ့ The Last Jedi ဇာတ်ကားက ခေါင်းဆောင်းကိုလည်း ခန့်မှန်းခြေ ပေါင်သုံးသောင်းကနေ ခြောက်သောင်းအတွင်းမှာ ဈေးခေါ်ထားခဲ့ပါတယ်။
စီအင်န်အင်န်