မင်းတပ် ၅ ဇွန်
ချင်းပြည်နယ် မင်းတပ်မြို့ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အလုပ်အကိုင် ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ On Job Training အဖြစ် ကာလတို သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာအောင် က " ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလအတွင်းမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေကို တစ်ဖက်တစ်လမ်းက ကူညီဖြေရှင်းပေးနိုင်ဖို့ ဒီလိုရက်တိုသင်တန်းတွေ ဖွင့်လှစ်ပေးရတာ ဖြစ်ပါတယ်၊ သင်တန်းကာလ (၂၄) ရက်အတွင်းမှာ သင်တန်းသူသင်တန်းသားတွေကို တစ်နေ့လေးထောင်ကျပ် သင်တန်းကျောင်းကထောက်ပံ့ပေးမှာ ဖြစ်တယ်၊ ဇူလိုင်လ (၁) ရက်နေ့ကနေ (၂၄) ရက်နေ့အထိ ဖွင့်လှစ်မယ့် ကာလတိုသင်တန်းမှာ သင်တန်းသားဦးရေ (၁၀)ဦးပဲ လက်ခံသင်ကြား ပေးမှာဖြစ်တယ်" ဟုပြောကြားသည်။
အဆိုပါ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ လက်ရက်ကန်း (၆)လသင်တန်းနှင့် ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင် (၁) နှစ် သင်တန်းတို့အပြင် အခြားအသက်မွေးဝမ်းကျောင်း ရက်တိုသင်တန်းများပါ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်််း သိရသည်။
ခရိုင်(ပြန်/ဆက်)


