မင်းတပ် ၃၀ စက်တင်ဘာ
မင်းတပ်ခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးဇော်မိုးထိုက် နှင့် အဖွဲ့ဝင်များက မင်းတပ်မြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား ထားရှိမည့်နေရာ ပြင်ဆင်ထားရှိမှုနှင့် မြို့အဝင်အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်မှုအခြေအနေများ ကို ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မင်းတပ်မြို့ရှိ Facility Quarantine ဝင်ရောက်နေသူ (၁၀၅)ဦးအား အသွားအလာကန့်သတ် စောင့်ကြည့်မှုအခြေအနေ၊ လိုအပ်လာပါက Quarantine Centre အဖြစ် ထားရှိနိုင်ရေးအတွက် အရံသတ်မှတ် နေရာများအား ပြင်ဆင်ထားရှိမှုအခြေအနေနှင့် Hospital Quarantine ဝင်ရောက်နေသူ (၂)ဦး၏ ကျန်းမာရေး အခြေအနေများကို ခရိုင်ပြည်သူ့ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းနိုင်က ရှင်းလင်းတင်ပြသည်။
ထို့နောက် ခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ ဦးဇော်မိုးထိုက် သည် မင်းတပ်မြို့ အ.ထ.က(၃) Quarantine Centre တွင် အသွားအလာကန့်သတ် စောင့်ကြည့်မှု ခံယူသူများနှင့် Quarantine Centre တွင် စေတနာ့ဝန်ထမ်းဆောင်ရွက်နေသူများအား သွားရောက်တွေ့ဆုံကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ မင်းတပ်မြို့၌ Facility Quarantine ဝင်ရောက်နေသူများအနက် (၁၆)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)