မင်းတပ် ၁၇ ဇွန်
မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ မသန်စွမ်းသူများအတွက် ဂျိုင်းထောက်များ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပရာ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းက မသန်စွမ်းသူများ၏ အခွင့်အရေးဉပဒေပါ မသန်စွမ်းသူများ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်း အမှာစကား ပြောကြားသည်။
ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက "မင်းတပ် ခရိုင်အတွင်းရှိ မသန်စွမ်းသူများအတွက် လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေ ထောက်ပံ့ ပေးနိုင်ဖို့ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (ရန်ကုန်)ရုံးချုပ်ကို ဆက်သွယ်ညှိနှိုင်း ပေးခဲ့ပါတယ်၊ မင်းတပ်ခရိုင် အတွင်းမှာရှိတဲ့ မသန်စွမ်းသူ(၃၉)ဦးအတွက် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်း သူများ အသင်း(ရန်ကုန်) ရုံးချုပ်ကနေ ပေးပို့လှူဒါန်းလာတဲ့ ဂျိုင်းထောက်(၃၉)စုံကို မင်းတပ်မြို့နယ်အတွင်း ရှိ မသန်စွမ်းသူ(၈)ဦးနဲ့ မတူပီမြို့နယ်မှာရှိတဲ့ မသန်စွမ်းသူ(၃၁)ဦးကို လှူဒါန်းပေးအပ်သွားမှာ ဖြစ်ပါတယ်" ဟုပြောကြားသည်။ ဆက်လက်၍ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဘင်နီဖိုင်းတို့က ဂျိုင်းထောက်များ ပေးအပ်ခဲ့ရာ တက်ရောက်လာကြသည့် မသန်စွမ်းသူ မိသားစုများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ကိုယ်စားလက်ခံခဲ့ကြသည်။
အဆိုပါ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မသန်စွမ်းမိသားစုဝင် များ၊ CSO များ တက်ရောက်ခဲ့ကြသည်။ မင်းတပ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်စွမ်းသူများအတွက် အထောက်အကူပြု Wheel Chairs နှင့် ဂျိုင်းထောက်များထောက်ပံ့လှူဒါန်းပေးလျက်ရှိပြီး ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူ(၃၂၄၈)ဦးအား ထောက်ပံ့ကြေးပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


