မင်းတပ်   ၃၀   ဇန်နဝါရီ          

 

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ ပြည်သူ့ဆေးရုံဝင်း ခရိုင်ပြည်သူ့/ကုသကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲပိုင်းတွင် ကာကွယ်ဆေးသစ်ဖြစ်သော ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဖေဖော်ဝါရီလမှ စတင်၍ တိုက်ကျွေးမည့် အခမ်းအနား ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်ပြည်သူ့/ကုသကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာဇော်ဝင်းနိုင်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာဗိုင်းရပ်စ်ရောဂါ) သည် အသက်ငါးနှစ်အောက်ကလေးငယ်များ တွင် အဖြစ်များသော ရောဂါဖြစ်ကြောင်း၊ ဆေးရုံတွင် တက်ရောက်ကုသနေသော ကလေးများ၏ ၃၀ ရာခိုင်နှုန်းသည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း အကျယ်တဝင့် ရှင်းလင်းပြီး လက်ထောက် ကျန်းမာရေးမှူး ဒေါ်လောရောင်နှင့် ကျန်းမာရေးကြီးကြပ်(၁) ဦးနိုင်းရှိန်းအောင်တို့က လက်ကမ်းစာစောင်များ လိုက်လံဝေငှကာ ရိုတာဗိုင်းရပ်စ်ရောဂါအကြောင်း သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသေးစိတ်ရှင်းပြကြသည်။

 

ယင်းအခမ်းအနားတွင် ကျန်းမာရေးမှူး၊ သူနာပြုအဆင့်−၁၊ သားဖွား၊ ကျန်းမာရေးကြီးကြပ်−၂နှင့် ကျန်းမာရေးလုပ်သား စုစုပေါင်း ၁၀၀ ကျော်တက်ရောက်ကြပြီး ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးသစ်ကို ဖေဖော်ဝါရီလမှစတင်ကာ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခွီရှိန်း(ခရိုင်ပြန်/ဆက်)