မင်းတပ်၊ ၁၅ ဇန်နဝါရီ
ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး (နယ်မြေခံဝန်ကြီး) ဦးဖွေအားတို့သည် မင်းတပ်မြို့နယ် ဘောင်ကျေးရွာရှိ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် Community Base Tourism (CBT) လုပ်ငန်း ဆောင်ရွက်နေမှုကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက သွားရောက်စစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးများသည် မင်းတပ်မြို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကျင်းပသည့် မင်းတပ်မြို့နယ် ဘောင်ကျေးရွာ၌ ပြည်တွင်း၊ ပြည်ပ ခရီးသွားမြှင့်တင်ရေးအနေဖြင့် ဘောင်ကျေးရွာရှိ ရိုးရာယဉ်ကျေးမှုပြခန်း၊ ရိုးရာပတ္တလားတီးခြင်း၊ ရိုးရာပါးရဲထိုးခြင်းနှင့် ရိုးရာတေးသီချင်းသီဆိုခြင်းတို့ကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ဘောင်ကျေးရွာရှိ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံ၍ ချင်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ မြှင့်တင်ခြင်းသည် မိမိမြို့နယ်၊ မိမိကျေးရွာအတွက် အကျိုးရှိကြောင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းဖြင့် ဝင်ငွေများတိုးပွားကာ ဒေသခံပြည်သူများအတွက် စားဝတ်နေရေး အဆင်ပြေလာမည်ဖြစ်ကြောင်း၊ လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရန် ချင်းပြည်နယ်အစိုးရအနေဖြင့် အဆင်သင့်ရှိနေကြောင်း ပြောကြားသည်။ ထို့နောက် ဘောင်ကျေးရွာမှ ဒေသခံပြည်သူများက ကျေးရွာ၏ လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။
ခွီရှိန်းမောင်း(မင်းတပ်)


