မင်းတပ်၊ ၄ ဇန်နဝါရီ
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မင်းတပ်မြို့နယ်၊ ချပ်ကျေးရွာတွင် ဝဥနှင့် တောင်ယာသီးနှံ၊ နှစ်ရှည်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု လွယ်ကူစေရေးအတွက် လမ်းအရှည် ၂ မိုင် ၆ ဖာလုံရှိ ကျေးလက်စိုက်ပျိုးသီးနှံ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းကို တွီလီခေးကုမ္ပဏီမက တာဝန်ယူဆောင်ရွက်လျက်ရှိရာ ရာခိုင်နှုန်း ၄၀ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းပြီးစီးမှုကို မင်းတပ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေး၊ လမ်းကော်မတီဝင်များနှင့်အတူ ဇန်နဝါရီ ၄ ရက်က ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
မင်းတပ်မြို့နယ်တွင် ဝဥသီးနှံကို စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ချပ်ကျေးရွာတွင် ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ဝဥစိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ပြီး သီးနှံများကိုလည်း ဈေးကွက်သို့ လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်လွင်၏ ပြောပြချက်အရ သိရသည်။
ယောအောင်အောင်၊ ဇော်မင်းဌေး


