မင်းတပ်  ၂၉  ဇွန်

 

မင်းတပ်မြို့နယ် ဘောခွီးကျေးရွာတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့် တောင်ပေါ်အာလူးများကို မင်းတပ်မြို့မစျေးရှိ ဟင်းသီးဟင်းရွက် အရောင်းဆိုင်များမှ လာရောက်ဝယ်ယူကြသဖြင့် ဝင်ငွေရရှိကြောင်း အာလူးစိုက်ပျိုးသူများထံမှ သိရသည်။

 

အားလူးစိုက်တောင်သူတစ်ဦးက "တောင်ပေါ်အာလူးက ဟင်းချက်ရင် နူးလွယ်ပြီးဆိမ့်တဲ့အတွက် လူကြိုက်များတာ ဖြစ်တယ်၊ မင်းတပ်မြို့နယ်မှာပဲ ရောင်းရတာမဟုတ်ဘူး၊ မကွေးတိုင်းဒေသကြီး ယောနယ်ကပါ လာပြီးဝယ်ကြတယ်၊ စျေးထဲမှာရောင်းနေတဲ့ တခြားအာလူးတွေထက် တောင်ပေါ်အာလူးက စျေးနဲနဲပိုကြီးတယ်၊ ဒီမှာထွက်တဲ့ တောင်ပေါ် အာလူးကတော့ ဓာတုပိုးသတ်ဆေးတွေမသုံးတဲ့ သြဂဲနစ်စားသောက်ကုန်တွေဖြစ်တယ်" ဟု ပြောကြားသည်။

 

တောင်ပေါ်အာလူးကို မင်းတပ်မြို့နယ်ရှိ ကျေးရွာအချို့တွင် စိုက်ပျိုးလျက်ရှိပြီး တစ်ဧကလျှင် အာလူးမျိုး ပိဿာချိန် (၆၀၀)ခန့် စိုက်ပျိုးရပြီး အာလူးဖော်ချိန်တွင် ပိဿာချိန် (၂၀၀၀)ကျော် ပြန်လည်ရရှိကြောင်း သိရသည်။

 

မင်းတပ်မြို့နယ်အတွင်း တောင်ပေါ်အာလူး အဖြူနှင့်အနီမျိုးကို နှစ်စဉ် ဇန်နဝါရီလနှင့် အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး (၆)လအကြာ၌ ဖော်ယူရောင်းချကြရာ တောင်ပေါ်အာလူးတစ်ပိဿာကို ကာလပေါက်စျေး ငွေကျပ် ၁၅၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

 

ဆလိုင်းအောင်(ပြန်/ဆက်)