မင်းတပ် ၂၄ အောက်တိုဘာ
မင်းတပ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း (၁၁၆)ရုံ ဖြင့် ကျင်းပမည်ဖြစ်ရာ တယ်လီဖုန်းလိုင်း မရသည့်မဲရုံ(၂၅)ရုံအတွက် လက်ကိုင်စကားပြောစက် (၂၅)လုံး ထားရှိ သွားမည်ဖြစ်သည်။
"မင်းတပ်မြို့နယ်မှာဆိုရင် မုန်းချောင်းအနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ(၉)ရွာမှာ တယ်လီဖုန်းလိုင်း မရဘူး၊ မကွီအိမ်နူးမြို့မှာဆိုရင် ကျေးရွာ(၁၆)ရွာမှာ တယ်လီဖုန်းလိုင်း မရဘူး ၊ ဒီလို ဆက်သွယ်ရေး ခက်ခဲတဲ့ ကျေးရွာတွေမှာရှိတဲ့ မဲရုံတွေအတွက် လက်ကိုင်စကားပြောစက် (၂၅)လုံး ထုတ်ပေးထား ပါတယ်၊ ဆက်သွယ်ရေးကွန်ယက် ချိတ်ဆက်နိုင်ရေးအတွက် ICOM IC – V8000 အထိုင်စက် (၆)လုံးထားပြီး ဆက်သွယ်လို့ ရ/မရကို စမ်းသပ်နေပါတယ်၊ ဇုန်(၈)၊ဇုန်(၉)နဲ့ ဇုန်(၁၀) က ဇုန်အလိုက် ဆက်သွယ်လို့ ရပေမယ့် တစ်ခြားဇုန်တွေနဲ့ ဆက်သွယ်လို့မရသေးတဲ့အတွက် အထိုင်စက်နေရာ ပြောင်းလဲဖို့ နေရာရှာဖွေနေပါတယ်၊ ICOM IC – V718 ကိုလည်း အရန်အဖြစ် အဆင်သင့် ပြင်ဆင်ထားပါတယ်" ဟု မင်းတပ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရုံးဦးစီး၊ ရဲအုပ်တင်မိုးလှိုင် က ပြောကြားသည်။
တယ်လီဖုန်းလိုင်း ရရှိခြင်းမရှိသည့် မဲရုံ(၂၅)တွင် အသုံးပြုမည့် လက်ကိုင်စကားပြောစက်များကို အဆိုပါ မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ(၂၅)ဦးအား အောက်တိုဘာလ(၁၇)ရက်နေ့တွင် ထုတ်ပေးပြီးနောက် လက်ကိုင်စကားပြောစက် အသုံးပြုနည်းများကိုလည်း သင်ကြားပေးထားကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)


