မင်းတုန်း ၁၉ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ခုံတိုင်ကျင်းကျေးရွာအုပ်စု၊ ခုံတိုင်ကျင်းကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ယူနီဆက်၊ ကျေးလက်နေပြည်သူများ ပူးပေါင်း၍ အိမ်တိုင်ရာ ရောက်ရေပေးရေးစနစ်ကို စက်တင်ဘာလ ဒုတိယပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မင်းတုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မင်းတုန်းမြို့နယ် ခုံတိုင်ကျင်းကျေးရွာတွင် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းပေ (၈၀၀၀) သွယ်တန်းခြင်းလုပ်ငန်းကို ယူနီဆက်မှ လိုအပ်သော ပိုက်များကို ထောက်ပံ့ပေးပြီး ကျေးလက်နေ ပြည်သူများက ပိုက်ဆက်ပစ္စည်းများနှင့်လုပ်အားတို့ ပူးပေါင်းပါဝင်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ပိုက်လိုင်းဒီဇိုင်းရေးဆွဲခြင်းနှင့် လိုအပ်သည့် နည်းပညာ အကူအညီတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ခုံတိုင်ကျေးရွာ အိမ်တိုင်ရာ ရောက်ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းသည် အဆိုပါ ကျေးရွာရှိ အိမ်ခြေ(၁၈၆)အိမ်တို့၏ လူနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အချိန်ကုန်သက်သာစွာဖြင့် သောက်သုံးရေများ ဖူလုံစွာရရှိရေးတို့အတွက် အကျိုးပြုလျက်ရှိကြောင်း သိရသည်။

 

ဂျိုင်းလော (သတင်းစဉ်)

 

mdn