မင်းတုန်း ၁၇ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လယ်မ ကျေးရွာအုပ်စု၊ လယ်မကျေးရွာတွင် ကျေးလက် ကုန်ထုတ်လမ်း၊ တံတား ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများအား ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန် က တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်း အရည်အသွေး စစ်ဆေးရေးနှင့် လုပ်ငန်းပြီးစီးမှုစစ်ဆေးရေးအဖွဲ့က မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်၊ မင်းတုန်းမြို့နယ် အငယ်တန်း အင်ဂျင်နီယာ-၂ ဦးထက်မြက်ဦးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များက လယ်မကျေးရွာ ကျေးလက် ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးကာ သတ်မှတ် အတိုင်းအတာ စံချိန်စံညွှန်းပြည့်မှီစွာဖြင့် အချိန်မှီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံ ငွေ ၅၃ ဒသမ ၄၀၆ သန်းဖြင့် ကျောက်ရောမြေ၊ မြေနီကျောက်စရစ်ခင်းခြင်း လမ်း အရှည် ၁ မိုင် ၄ ဖာလုံ၊ လမ်းအကျယ် ၁၂ ပေ ဖောက်လုပ်ခြင်း လုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် ရေပြွန်(၁)စင်း၊ Box Culvert(၂)စင်း တည်ဆောက်ခြင်း လုပ်ငန်းကို တင်ဒါအောင်မြင်သည့် မင်းဘူး ကမ္ဘာကျော် ကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
လယ်မကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ (၇၅)အိမ်၊ လူဦးရေ (၃၄၈)ဦး တို့၏ ကျေးလက် လယ်ယာထုတ်ကုန် (၁၃၂) ဧကကျော် အကျိုးပြုမည် ဖြစ်ကြောင်း၊ အဆိုပါ လယ်ယာထွက်ကုန်များကို ဈေးကွက်သို့ အချိန်မီ လွယ်ကူ လျင်မြန်စွာ ပေးပို့နိုင်မှာဖြစ်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာသဖြင့် ဒေသခံ ပြည်သူများအတွက် လယ်ယာသုံး စက်ပစ္စည်းများ သွားလာရေးနှင့် လယ်ယာထွက်ကုန်များ၏ သယ်ယူပို့ဆောင်ရေးများ အဆင်ပြေမည်ဖြစ်ကြောင်း၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်ကပြောသည်။
စိုးမိုးကျော်


