မကွေး၊ ၅ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မင်းတုန်းမြို့နယ်အတွင်း မူလခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မြေသားရေကန် တိုးချဲ့တူးဖော်ခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၄ ရက်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြား ရေးမှူး(နည်းပညာ) ဦးကျော်ဆန်းဌေး၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်နှင့် ဝန်ထမ်းများအဖွဲ့က မင်းတုန်း မြို့နယ်၊ ဥယာဉ်ပုကျေးရွာနှင့် စမ်းကြီးကျေးရွာတို့တွင် မြေသားရေကန် တိုးချဲ့တူးဖော်ခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးကာ Guiding True ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ခရိုင်ဦးစီးမှူးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် ကျေးရွာရေရရှိရေး ကော်မတီဝင်များတွေ့ဆုံကာ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း၊ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းများကို အကောင်ဖော် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးထံမှ သိရသည်။
ဇော်မင်းဌေး


