မင်းတုန်းမြို့နယ်၌ အထောက်အထားမဲ့ ဝင်ရောက်လာသူ ၁၀ ဦးနှင့် လိုက်ပါပို့ဆောင်ပေးသူနှစ်ဦး ဖမ်းဆီးရမိ

မင်းတုန်း  ၅  ဖေဖော်ဝါရီ

 

ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသကြီးအတွင်းသို့ အထောက်အထားမဲ့ ဝင်ရောက်လာသူ ၁၀ဦး နှင့် လိုက်ပါပို့ဆောင်သူ နှစ်ဦးကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၄ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့ မှ သိရသည်။

 

မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်၊ ဒုရဲအုပ် ကျော်လွင်ဖြိုးနှင့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းတုန်းမြို့ ကန်လည်တံတားရဲကင်းဂိတ်တွင် ဖေဖော်ဝါရီ ၄ ရက် နံနက် ၂ နာရီခန့်တွင် ယာဉ်တစ်စီးကို စစ်ဆေးနေစဉ် အခြားယာဉ်တစ်စီးက မောင်းတံဂိတ်ကိုတိုက်၍ မောင်းနှင်ထွက် ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရမိခဲ့သည်။

 

ယာဉ်ပေါ်ပါသူများအား စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါ ယာဉ်နှစ်စီးနှင့်အတူ လိုက်ပါလာသည့် အထောက်အထားမဲ့ ဝင်ရောက်လာသူ ၁၀ ဦးနှင့် လိုက်ပါပို့ဆောင်သူ နှစ်ဦးတို့ကို မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာ ကားလမ်းမိုင်တိုင်အမှတ် ၂၀၆/၅ နှင့် ၂၀၆/၆ ကြား ကျီးကန်ကျေးရွာအနီး လျှိုထဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖမ်းဆီးရမိသည့် အထောက်အထားမဲ့ ဝင်ရောက်လာသူ အဘုရှေ အပါအဝင် ၁၀ ဦးနှင့် လိုက်ပါပို့ဆောင်သူ ယာဉ်မောင်း နှစ်ဦးကို ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီးအတွင်းသို့ ၂၀၁၈ ခုနှစ် တစ်နှစ်အတွင်း အထောက်အထားမဲ့ ဝင်ရောက်လာသူ ၁၃၁ ဦးရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်အထိ ၃၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 

ဇေယျတု(မကွေး)