မင်းတုန်း ၁၀ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်း ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း(CDD) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် စီမံကိန်း(၄)နှစ်တာ ကာလအတွင်းမှာ ကျေးရွာပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော အခြေခံ အဆောက်အအုံနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းခွဲပေါင်း (၆၆၆) ခုကို အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
လူထုဗဟိုပြုစီမံကိန်းကို မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၈၀)ရွာတွင် ၂၀၁၅- ၂၀၁၆ ခု ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ကျေးလက်နေပြည်သူများ၏ အဓိက လိုအပ်ချက်များဖြစ်သော အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများ အစရှိသော လုပ်ငန်းများကို (၄)နှစ်ဆက်တိုက် ငွေကြေးထောက်ပံ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းပေါင်း ၂၄၀၊ တံတားလုပ်ငန်း ၂၆ ခု၊ ရေရရှိရေးလုပ်ငန်း ၁၃၄ ခု၊ မီးလင်းရေးလုပ်ငန်းပေါင်း ၁၆၀ ခု၊ ပညာရေးနှင့်ဆက်စပ်လုပ်ငန်း(၃၅)ခု၊ ကျေးရွာဘက်စုံသုံးခန်းမ(၃၅)ခု၊ မြေထိန်းနံရံနှင့်ရေကျော်လုပ်ငန်း(၃၆)ခု စုစုပေါင်းလုပ်ငန်းခွဲ (၆၆၆)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။
“မင်းတုန်းမြို့နယ်ကလေးဟာ မကွေးတိုင်းအတွင်းမှာရှိတဲ့ ဖွံ့ဖြိုးမှုနည်းပါးတဲ့ မြို့နယ်လေးတစ်မြို့နယ်ဖြစ်ပြီး ကျေးရွာအုပ်စု (၇၂)အုပ်စု၊ ကျေးရွာ(၁၈၀)၊ အိမ်ခြေပေါင်း(၁၆၄၉၁)အိမ်ရှိတဲ့ ကျေးလက်နေပြည်သူများ ၉၂ ရာခိုင်နှုန်းနေထိုင်သော မြို့နယ်လေးတစ်မြို့နယ်ဖြစ်ကြောင်း၊ လူထုဗဟိုပြုစီမံကိန်းဖြင့် (၄)နှစ်တာက ထောက်ပံ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာတိုင်းနီးပါး အခြေခံအဆောက်အဦများ၊ လမ်းပန်း ဆက်သွယ်ရေးများ အရင်ကထက် ပိုမိုတိုးတက်ကောင်းမွန်လာတာ ဖြစ်ပါတယ်” ဟု မင်းတုန်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးမှူး ဦးနိုင်ဝင်းက ပြောပြ၍ သိရသည်။
အဆိုပါ စီမံကိန်းဖြင့် မင်းတုန်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် စီမံကိန်းပထမနှစ်စက်ဝန်း၊ ဒုတိယနှစ်စက်ဝန်း၊ တတိယနှစ်စက်ဝန်း၊ စတုတ္ထနှစ်စက်ဝန်းများတွင် အခြေခံအဆောက်အဦ လုပ်ငန်းခွဲပေါင်း(၆၆၆)ခုအား စီမံကိန်း ထောက်ပံငွေကျပ်(၆၄၁၈)သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် (၄၂၈.၄၆၅)သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများ၏ နည်းပညာထောက်ပံ့မှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာလူထုကိုယ်တိုင် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
စိုးမိုးကျော်


