မင်းတုန်း ၁ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့ အောင်ဆန်းခန်းမရှေ့ မြက်ခင်းပြင်တွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ် တည်ဆောက်သွားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁ ရက် နံနက်ပိုင်း၌ မင်္ဂလာပန္နက်ရိုက်ပေးခဲ့ကြောင်း သိရသည်။
ကြေးရုပ်တည်ဆောက်မည့်နေရာမှာ မင်းတုန်းမြို့၏ အချက်အချာ လူမြင်ကွင်းဖြစ်သော မြို့နယ်စည်ပင်သာယာရေး ကော်မတီပိုင် အောင်ဆန်းခန်းမရှေ့၌ဖြစ်ပြီး အလျား ၁၄ ပေ ၊ အနံ ၇ ပေ ၊ အမြင့် ၁၀ ပေ ၊ ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း ၅၀၀ ဖြင့် တည်ဆောက်မည့် မြင်းစီးကြေးရုပ်အား အာဇာနည်နေ့အမီ ဖွင့်လှစ်နိုင်ရေး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးသိန်းဝင်းထံမှ သိရသည်။
ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဦးဇော်မင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းနှင့် ဒေါ်သန်းသန်းအေး၊ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဇင်၊ ဒုဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံများ တက်ရောက်ခဲ့သည်။
ဇေယျတု(မကွေး)