မွန်ဟင်းလျာ ... သင်္ကြန်ကြော်

စံလွင် (ဦးစီး)

 

သင်္ကြန်နားနီးလာပြီဆိုလျှင် အိမ်နီးချင်း မွန်မိတ်ဆွေများထံမှ သင်္ကြန်ကြော်ဆိုသော ဟင်းတစ်ခွက် နှစ်စဉ်လိုလို ရောက်လာတတ်သည်။ သင်္ကြန်ကြော်ဆိုသည်က မွန် လူမျိုးတို့၏ ရိုးရာသင်္ကြန်ထမင်းနှင့် တွဲဖက်စားသုံးရသည့် အတွဲအဖက် ဟင်းလျာဖြစ်သည်။ ဖယောင်းသင်းထားသော ထမင်းရေဆမ်းကို ငါးခြောက်ထောင်းကြော်၊ သရက်သီးအစိမ်းကို ဓားဖြင့်ပေါက်ခြမ်းလေးများ ပေါက်ပြီး ကြော်ထားသည့် သရက်သီးကြော်နှင့် ငရုတ်သီးခြောက် အရှည်တောင့်ကြော်တို့ဖြင့် တွဲစားရသည်။

 

သင်္ကြန်အချိန်အခါတွင် မွန်ပြည်နယ်တစ်ခွင် ကျင်းပသော ရေကစားမဏ္ဍပ်များ၊ စတုဒိသာ မဏ္ဍပ်တိုင်း လိုလိုတွင် သင်္ကြန်ထမင်းနှင့် ဧည့်ခံလေ့ရှိသည့် အများစာ ကျွေးသော စတုဒိသာမဏ္ဍပ်များတွင် အချို့က ငါးခြောက်ထောင်း၊ သရက်သီးကြော် စသဖြင့်သီးခြားမအော်တော့ဘဲ ငါးခြောက်၊ ပုစွန်ခြောက်နှင့် သရက်သီးစိမ်းပေါက်ခြမ်း တို့ကို အားလုံးရော၍ကြော်ထားသည်ကိုသင်္ကြန်ကြော်ဟု ခေါ်ကြသည်ဆို၏။

 

အသီးအနှံတို့မည်သည့် ရာသီအလိုက် သီးပွင့်ကြသည်ဖြစ်ရာ သူ့ရာသီရောက်မှ သီးပွင့်သော အသီးအနှံက ပို၍အရသာရှိသည်။ ပို၍စားကောင်းသည်။ ထိုနည်းအတူ တပို့တွဲလ၌ စားရသော ထမနဲ၊ တန်ခူးလ၌ စားရသော သင်္ကြန်ထမင်းတို့ကား သူ့အခါ သူ့ရာသီနှင့် လိုက်ဖက်သည့် ရာသီစာဖြစ်၍ ဘေးမဖြစ်သည့်အပြင် ဆေးဖက်ဝင် ဝင်သေးသည်ဟု ဆိုရမည်ပင်။

 

သင်္ကြန်ကြော်

 

သင်္ကြန်ကြော် ကြော်မည်ဆိုက ငါးခြောက် ကောင်းကောင်း (ငါးကွမ်းရှပ်ခြောက်၊ ငါးယောင်ခြောက်) တို့ကိုပြုတ်၍ အရိုးဖယ်ကာ အသားနွှင်ပြီး ဖွဖွထောင်း ထားပါ။ သရက်သီးစိမ်း အခွံနွှာ၍ ဓားဖြင့် ပေါက် (သို့မဟုတ်) ဂျစ်(ခြစ်) ထိုးထားပြီး ကြက်သွန်နီဥကြီး အခွံသင်ကာ လေးစိတ်စိတ်ထားပါ။ အားလုံးအသင့်ဖြစ်က ထောင်းထားသော ငါးခြောက်တွင် ပုစွန်ခြောက်မှုန့် ဆတူရောကာ နနွင်းခတ်၍ ဒယ်ပူပူတွင် ဆီနိုင်နိုင်ဖြင့်ကြော်၊ အတန်သင့်မွှေပြီးက သရက်သီးပေါက်ခြမ်းများနှင့် ကြက်သွန်နီစိတ်များထည့်ကာ အထက်အောက်နှံ့အောင် မွှေ၊ အငန်လိုက ငံပြာရည်ဖျန်းပါ။ ဆီနိုင်နိုင်၊ နနွင်းဝါဝါ၊ ကြက်သွန်နီစိတ် အဖတ်လေးများဖြင့် စိုစိုဖတ်ဖတ် ကြော်ထားသော သင်္ကြန်ကြော်ရပါပြီ။

 

ထိုသင်္ကြန်ကြော်နှင့် မပါမဖြစ်တွဲစားရသည်က ငရုတ်သီးအခြောက်တောင့်ကြော် ကြွပ်ကြွပ်ဖြစ်သည်။ အခါရာသီနှင့် လိုက်ဖက်လှသည်ဖြစ်၍ အိမ်ရှင်မများ မိသားစုဟင်းလျာ ရာသီစာအဖြစ် ချက်စမ်းကြည့်သင့် လှပါ၏။

 

ကြေးမုံ