၁၂  ဧပြီ

 

မနက်အိပ်ရာထချိန်ဟာနေ့တစ်နေ့ရဲ့ အစပြုချိန်ဖြစ်တာကြောင့် ကိုယ်ဖြတ်ကျော်ရမယ့် တစ်နေ့လုံးစာအတွက် အစကောင်းမှဖြစ်မှာပါ။ စစချင်းတည်းက အမှားတွေလုပ်နေရင် ကျန်းမာရေးအတွက် ကမောက်ကမတွေဖြစ်ကုန်တော့မှာလေ။ ဒါ့ကြောင့် ကျန်းမာချင်တယ်ဆို မနက်ဘက် ဒါတွေကိုယ်လုပ်မိနေသလားပြန်ကြည့်ကြနော်။

 

(၁) နှိုးစက်ကိုပိတ်ပြီး အချိန်ရွှေ့တာ

 

နှိုးစက်မြည်တဲ့အခါ အသံပိတ်ပြီး ၅ မိနစ်လောက်ပိုအိပ်လိုက်ရတာ ပိုအားပြည့်စေမယ်လို့ ထင်ပါသလား။ မှားပါတယ်နော်။ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကိုနေ့တိုင်း ပုံမှန်သတ်မှတ်မထားနိုင်သရွေ့တော့ ဒီလိုလုပ်လည်းသိပ်မထူးပါဘူး။

 

(၂) အိပ်ရာထဲကနေ ဝုန်းခနဲကုန်းထတာ

 

အိပ်ရာထဲ လှဲအိပ်နေရာကနေ ချက်ချင်းကြီးထထွက်တဲ့အခါ ကမ္ဘာ့ဆွဲအားကြောင့်ခြေထောက်ကို သွေးအမြန်ရောက်စေပြီးသွေးဖိအားရုတ်တရက်ကျကာ မူးလဲစေနိုင်ပါတယ်။ အိပ်ရာထတဲ့ အခါဖြည်းဖြည်း သို့မဟုတ် ပုံမှန်နှုန်းနဲ့ထထိုင်ပါ၊ စက္ကန့်အနည်းငယ်တော့ခဏဒီအတိုင်းနေပြီးမှ ထလှုပ်ရှားပါ။

 

(၃) ကော်ဖီမသောက်လိုက်ရတာ

 

မဖြစ်မနေသောက်ဖို့မဟုတ်ပါဘူးနော်။ နေ့တိုင်းသောက်နေကျကော်ဖီဂျိုးတွေကိုပဲ ရည်ရွယ်တာပါ။ အမြဲသောက်နေကျလူတွေအတွက်တော့ တစ်ရက်မသောက်လိုက်ရရင် တစ်နေ့လုံးနေလို့ မကောင်း၊ ခေါင်းမကြည်တာတွေဖြစ်လာစေနိုင်ပါတယ်။ အာရုံစူးစိုက်လို့သိပ်မကောင်း၊ အိုင်ဒီယာမထွက်တဲ့အပြင် လူကအရမ်းပင်ပန်းနေသလိုလို၊ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာတွေခံစားရနိုင်တယ်။ ကော်ဖီဖြတ်မယ်လို့ စဉ်းစားထားတာဆိုရင်တော့ တမျိုးပေါ့။

 

(၄) သွားတိုက်ဖို့မေ့တာ

 

မနက်ဘက်သွားတိုက်ဖို့မေ့တဲ့အခါ တစ်ညလုံးကပ်ငြိနေတဲ့ သွားချေးတွေနဲ့ စားကြွင်းစားကျန်တွေ၊ ဘက်တီးရီးယားတွေစုနေပါလိမ့်မယ်။ သွားချေးတွေကနေ ဆေးခန်းမှာသွားခြစ်ပစ်မှ ရမယ့် သွားချိုးကပ်တာတွေဖြစ်လာမယ်။ မခြစ်ပစ်ရင် သွားဖုံးတွေရောင်တာ၊ သွေးထွက်တာ၊ သွားပိုးစားတာ၊ ခံတွင်းနံ့ဆိုးတာတွေဖြစ်လာနိုင်တယ်။

 

(၅) အွန်လိုင်းဖွင့်တာ

 

မျက်လုံးပွင့်တာနဲ့ ဖုန်းကိုင်ပြီး အွန်လိုင်းတက်တာ တကယ်ကိုဆိုးတဲ့အကျင့်ပါ။ အလုပ်အရမ်းများလို့ အီးမေးလ်စစ်ရတယ်ထား။ ခဏပဲအမြန်စစ်ပြီးပြန်ပိတ်သင့်ပါတယ်။ စောစောစီးစီး ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ လုံးလည်လိုက်နေတာဟာ စိတ်ကြည်လင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်ချိန်၊ နိုးချိန်တစ်ဝိုက်မှာ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ အဆက်ဖြတ်ထားတာ ကောင်းပါတယ်။

 

(၆) ပြဿနာတွေအကြောင်း တွေးနေတာ

 

အိပ်ရာနိုးတာနဲ့ ကိုယ်ဖြေရှင်းဖို့ရှိနေတဲ့ သို့မဟုတ်ပြီးခဲ့တဲ့နေ့ကပြဿနာတွေ အကြောင်းခေါင်းထဲ ရောက်လာတာကနေ့သစ်တစ်ရက်အတွက် အဆိပ်အတောက်ပါပဲ။ အရင်ဆုံးခေါင်းထဲမှာရှင်းပစ်ပြီး ကြည်ကြည်လင်လင်နိုးထပါ။ ခွန်အားသစ်တွေနဲ့ နိုးထလာပြီးမှရှေ့ဆက်ဖို့ အစီအစဉ်တွေ စတင်ပါ။ မတွေးလို့မဖြစ်ဘူးဆိုရင်တော့ အရေးကြီးဆုံးဖြစ်တဲ့ ကိစ္စတွေကို စာရင်းလုပ်ပြီးစီထားလိုက်ပါ။

 

(၇) မနက်စာ လွတ်တာ

 

မနက်စာပုံမှန်စားတဲ့သူတွေက အတွေးဉာဏ်ပိုထက်ပြီး ခန္ဓာကိုယ်အဆီတက်နိုင်ခြေပိုနည်းတယ်၊ ဆီးချိုနဲ့နှလုံးဖြစ်နိုင်ခြေပိုနည်းတယ်။ မနက်စာက တစ်နေ့လုံးလှုပ်ရှားနိုင်ဖို့ ခွန်အားပေးတဲ့ ဆေးတစ်ခွက်ဖြစ်လို့ အငတ်မခံပါနဲ့။

 

(၈) အချိုတွေ အစားများတာ

 

ကော်ဖီနဲ့မုန့် ဆိုပြီး မနက်စာစားလိုက်တာ အဆီများ၊ အချိုများတဲ့ မုန့်တွေဖြစ်နေရင် အာဟာရကနည်းပြီး အဝလွန်ဖို့ အားပေးရာရောက်ပါတယ်။သွေးတွင်းသကြားဓါတ်ကိုတိုးစေပြီး လူကလှုပ်ရှားရပင်ပန်း၊ စိတ်ဆတ်၊ ဆာလောင်လွယ်မယ်။

 

(၉) နေလောင်ကာခရင်မ် မလိမ်းတာ

 

အသားလှဖို့၊ အသားမမည်းဖို့ထက် အရေပြားကင်ဆာနဲ့ အရေးအကြောင်းတွေကိုမဖြစ်စေဖို့ ခရမ်းလွန်ရောင်ခြည်ကာကွယ်မယ့်နေလောင်ကာခရင်မ်ကို လိမ်းသင့်ပါတယ်။ အိမ်ထဲမှာလည်း လိမ်းထားပေမယ့် အပြင်မသွားခင် ၁၅ မိနစ်အလိုမှာထပ်လိမ်းပါ။

 

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”