အစစ အရာရာ အမြန်အဆန်လုပ်နေရတဲ့ ဒီခေတ်ကြီးမှာ လူငယ်အတော်များများ အလုပ်သွားဖို့၊ ကျောင်းသွားဖို့အတွက် အချိန်ပေးရတဲ့အတွက် မနက်စာလွတ်တတ်ကြပါတယ် ။ ညအိပ်ရာဝင်တာ နောက်ကျခြင်း ၊ ကားလမ်းပိတ်ခြင်းတွေကြောင့် စောစောကြိုသွားရခြင်းတွေကြောင့် မနက်စာ ကို တစ်ခါတစ်လေ လွတ်တတ်ကြပါတယ် ။ ဒါက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်မှု ရှိစေသလဲ ။
လူ့ခန္ဓာကိုယ်ရဲ့ စွမ်းအင်လိုအပ်ချက်ကို အစာထဲမှာ ပါတဲ့ အာဟာရဓါတ်တွေကပဲ အဓိက ရယူပါ တယ်။လူတွေကသာ ညဘက်အိပ်နေပေမဲ့ ခန္ဓာကိုယ်ကတော့ အသက်ရှင်ဖို့ လုပ်ငန်းတွေ လုပ်ဆောင်နေရဆဲပါ။ ခန္ဓာကိုယ်တစ်ခုလုံး အသက်ရှင်ဖို့အတွက် အာဟာရဓါတ်တွေကို ညတစ်ညလုံး သုံးထားတဲ့အတွက် မနက်ခင်းမှာ အာဟာရဓါတ်တွေ အထူးသဖြင့် သကြားဓါတ် တွေက နည်းနေပါတယ် ။
အဲ့ဒီအချိန်မှာ မနက်စာလွတ်တဲ့အတွက် အာဟာရမရရင် နဂိုကတည်းက အာဟာရ ဓါတ်နည်းနေတဲ့အချိန် ဖြစ်တဲ့အတွက် ပိုပြီးသိသာစေပါတယ် ။ ခန္ဓာကိုယ်အတွက် ဦးနှောက်က မော်တော်အင်ဂျင်တစ်လုံးလို့ တင်စားရရင် သကြားဓါတ်တွေက အားဖြည့်ပေးတဲ့ ဓါတ်ဆီလို့ ခေါ်နိုင်ပါတယ်။ မနက်ခင်းမှာ အာဟာရမရှိတော့ ဦးနှောက်မကြည်တဲ့အတွက် အာရုံစိုက်တာ အားနည်းခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ ချွေးစေးထွက်ခြင်း ၊ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်းတွေနဲ့ သကြားဓါတ် အရမ်းကျရင် သတိလစ်ခြင်းတွေအထိ ဖြစ်နိုင်ပါတယ် ။
မနက်စာမစားရတာ ရေရှည်ကြာလာတဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ ပြောင်းလဲပြီး အဝလွန်ခြင်း ၊ဟော်မုန်းများ အပြောင်းအလဲဖြစ်ပြီးတော့ စိတ်တိုလွယ်ခြင်း တွေ ဖြစ်တတ်ပါတယ် ။ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲတွေ ဖြစ်တဲ့ နှလုံးရောဂါ ၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်း ဝေဒနာတွေလည်း ခံစားရနိုင်ပါတယ် ။
ဒီလိုမဖြစ်စေရအောင် တတ်နိုင်သမျှတော့ မနက်စာ စားသင့်ပါတယ်။ အာဟာရဖြစ်စေတဲ့ အစားအစာတွေ ၊ သစ်သီးဝလံတွေ စားတာက အားရှိစေတဲ့အပြင် ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် မနက်စာ စားဖို့ အကြံပြုလိုပါတယ် ။
အားလုံးကို ကျေးဇူးတင်ပါတယ်
ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်
ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”