မန်းချောင်းအပန်းဖြေ ဆင်စခန်းတွင် ဆင်များစီးပြီး သဘာဝအလှတရားများကို ကြည့်ရှုခံစားနိုင်

မင်းဘူး အောက်တိုဘာ ၁

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း တွင် ဆင်များစီးပြီး တောတောင်ရေမြေနှင့် သဘာဝအလှတရားများကို ကြည့်ရှုခံစားနိုင်ကြောင်း မန်းချောင်း အပန်းဖြေ ဆင်စခန်း တာဝန်ခံများထံမှ သိရသည်။

 

ရွှေစက်တော် ဘုရားဖူးရာသီတွင် ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည်များ လာရောက်လည်ပတ်ကာ ဆင်စီးပြီး မန်းချောင်းနှင့် ဆင်စခန်းဝန်းကျင်ရှိ တောတောင် စိမ့်စမ်းများနှင့် ကျေးငှက်သာတကာများ၏ အရောင်အသွေး စုံလင်လှသည့် သဘာဝရှုခင်းများကို ကြည့်ရှုလိုပါက ဝန်ဆောင်မှု ဈေးနှုန်းများမှာ ပြည်တွင်း ဧည့်သည် ၅၀၀၀ ကျပ်နှင့် ပြည်ပခရီးသွားဧည့်သည် ၁၀၀၀၀ ကျပ် နှုန်းထားများဖြင့် ပို့ဆောင်ပေးလျက် ရှိသည်။

 

ရွှေစက်တော် မန်းချောင်း အပန်းဖြေဆင်စခန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဆင်အကောင်ရေ ၁၁ ကောင်ရှိကာ မြန်မာပြည်အရပ်ရပ်ရှိ ခရီးသွားပြည်သူများအနေဖြင့် ဆင်စီးပြီး မန်းချောင်းဘေးရှိ သဘာဝရှုခင်းများ လေ့လာနိုင်ရန်အတွက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

ဆင်ထိန်းသိမ်းရေးစခန်းကို ရွှေစက်တော်ဘုရားကြီးအနီး မန်းချောင်းဘေး မြေဧရိယာ ၆၀ ဧကပေါ်တွင် တည်ဆောက်ထားပြီး ကြိုးပြင်ကာကွယ်တော ဧက ၅၀ နှင့် ဆင်စားကျက်မြေ ဧရိယာ ၇၀၀ ဧက သတ်မှတ်ကာ ၈ မိုင် ကားလမ်းဘေးတွင် တည်ရှိသည်။ ရွှေစက်တော် ပါဒစေတီတော်များနှင့် ၂ မိုင်သာ ဝေးကွသဖြင့် ဘုရားဖူးလာရောက်ရင်း တောတောင်ရေမြေနှင့် သဘာဝအလှတရားများကို ခံစားကာ ဆင်စခန်းသို့ လေ့လာလည်ပတ်နိုင်ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)