မင်းဘူး ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် မန်းချောင်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်သည့်အတွက် အောက်စက်တော်ရာရင်ပြင်အား စုပေါင်းသန့်ရှင်းရေးလုပ်များ ဆောင်ရွက်ခြင်းကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့မှ ဦးဆောင်ပြီး မန်းရွှေစက်တော်ဘုရားကြီးရှိ ကျန်းမာသန့်ရှင်းဝန်ထမ်းများ၊ လုံခြုံးရေးရဲတပ်ဖွဲ့ဝင်များ၊ ရွှေစက်တော်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဘုရားကျေးရွာရှိ ဒေသခံပြည်သူများက ရင်ပြင်တော်ပေါ်၌ ရေစီးနှင့်အတူ မျောပါတင်ကျန်ခဲ့သော ရွှံ့၊ နွံ၊ သဲ၊ နုန်းများနှင့် အမှိုက်သရိုက်များအား ဆယ်ယူရှင်းလင်းခြင်း၊ မီးသတ်ပိုက်ဖြင့် ရင်ပြင်တော်အား ရေဆေးခြင်း လုပ်ငန်းများကို ကုသိုလ်ပြု ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။
ယခုနှစ် မန်းရွှေစက်တော် ဘုရားကြီးတွင် အများဆုံး ရေကျော်အမှတ်မှာ ရင်ပြင်အထက် ၅ ပေခန့်ဖြစ်ပြီး အောက်စက်တော်ရာ ဖန်အုပ်စောင်းတော် မြုပ်သည်အထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဒုတိယဥက္ကဌ ဦးသိန်းလှိုင်က ပြောပြသည်။
မောင်မောင်(မင်းဘူး)


