မှန်ကန်သောအသိဖြင့် ပိုင်းခြားဝေဖန်ရှုမြင်

 

 

လောကလူမှုပတ်ဝန်းကျင်တွင် အကောင်းနှင့်အဆိုး နှစ်မျိုးဒွန်တွဲလျက်ရှိသည်။ လူ၏သဘာဝသိလိုစိတ်အရ ထူးခြားသည့်ကောင်းသတင်း၊ မကောင်းသတင်း အားလုံးတို့ကို သိလိုကြသော်လည်း သတင်းနယ်ပယ်၌ ကောင်းသတင်းထက် မကောင်းသတင်းကို လူတို့ပိုမိုစိတ်ဝင်စားသည်ဟုဆိုသည်။ မကောင်းသတင်းသည် သတင်းရေချိန်အရ မြင့်မားသော်လည်း အများပြည်သူတို့၏ စိတ်နှလုံးကို ထိခိုက်စေသဖြင့် သတိပြု ဆင်ခြင်နိုင်ရန် လိုက်နာရမည့်ကျင့်ဝတ်များ ပြဋ္ဌာန်းထားသည်။

 

သို့သော် မသမာသူများ၊ အဖွဲ့အစည်းနှင့် သတင်းမီဒီယာအချို့က လူတို့သိလိုမှုကို အသုံးချ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးစသည့်အရေးအရာကိစ္စများတွင် လိမ်ညာလှည့်ဖြား မဟုတ်မမှန်ဆောင်ရွက်မှုများ ရှေးယခင်ကာလမှ ယခုအချိန်အထိ ရှိနေဆဲဖြစ်သည်။ ရှိသော်ငြားလည်း အများပြည်သူတို့ စိတ်ခံစားမှု၊ ဆင်ခြင် တရားနှင့် ပိုင်းခြားချင့်ချိန်နိုင်မှုကြောင့် စိတ်ဝင်စားမှု ပြန်လည်လျော့ကျလာသည်လည်းရှိသည်။ မည်သို့ပင်ဖြစ်စေ အကြောင်းအရာတစ်ခုအပေါ် ကောင်း၏၊ မကောင်း၏ ခွဲခြားဆင်ခြင်နိုင်စွမ်းရှိရမည်ဖြစ်သည်။

 

မျက်မှောက်ကာလ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ ထွန်းကားလာသောအခါတွင် လူမှုကွန်ရက်မျက်နှာစာများပေါ်၌ ကောင်းသတင်းများ၊ မကောင်းသတင်းများ စုံလင်စွာ တွေ့မြင်ကြားသိ လာရသည်။ ကောင်းသတင်းများအတွက် ဝမ်းမြောက်ပီတိဖြစ်ကြရသလို မကောင်း သတင်းများနှင့် ပတ်သက်၍ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်ကြရသည်။ အထူးသဖြင့် မသမာသူများ၊ အကြမ်းဖက်အဖွဲ့ အစည်းများနှင့် ပြည်ဖျက်မီဒီယာများထုတ်လွှင့်ကြသောသတင်းများတွင် နေ့စဉ်နှင့်အမျှ မဟုတ်မမှန်သတင်းများ၊ ပုံကြီးချဲ့ကား သတင်းများ၊ ကောလာဟလသတင်းများ ကို တွေ့ကြရသည်။

 

မဟုတ်မမှန်သတင်းများ၊ ပုံကြီးချဲ့ကားသတင်းများ၊ ကောလာဟလသတင်းများသည် လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုထိခိုက်မှုကို ဦးတည်စေသည့်အပြင် နိုင်ငံပျက်စီးရာပျက်စီးကြောင်း အထိပင် ဖြစ်တတ်သည်ကို သတိပြုရမည်ဖြစ်သည်။ ၁၉၈၈ ခုနှစ်ကာလများက တိုင်းပြည်အဘက်ဘက်၌ အားနည်းနေသည်ကို အကြောင်းပြု၍ ပြည်ပအခြေစိုက်မီဒီယာကြီးများက သတင်းတု၊ သတင်းမှား၊ ပုံကြီးချဲ့ကားသတင်းများ အဆက်မပြတ်ထုတ်လွှင့်ကာ အချင်းချင်းစည်းလုံးညီညွတ်မှုပြိုကွဲအောင်၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်၊ တိုင်းပြည်ပြိုကွဲအောင် ဖန်တီးခဲ့ကြသည်ကို သင်ခန်းစာယူရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် တိုင်းပြည်၌ ဖြစ်ပေါ်နေသည့် အခြေအနေ အကြောင်းအရပ်ရပ်တို့ကို အကြောင်းပြု၍ မသမာသူများ၊ သောင်းကျန်းသူအဖျက်သမားများနှင့် ပြည်ဖျက်မီဒီယာများက ဝါဒမှိုင်းတိုက်ခြင်း၊ သတင်းအဆိပ်သင့်အောင် သတင်းတု၊ သတင်းမှား၊ မမှန်သတင်းများထုတ်လွှင့်ကာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ တိုင်းပြည်ပြိုကွဲပျက်စီးအောင်၊ ပြည်သူနှင့် တပ်မတော် စိတ်ဝမ်းကွဲပြားအောင် လုပ်ကြံဖန်တီး နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ နေ့စဉ်နှင့်အမျှဖြစ်ရပ်ကို ပုံဖျက်ဖန်တီးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။

 

အထူးသဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်နှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူများကို အဓိကထားပြီး မြေပြင်တွင် တိုက်ခိုက်နေကြသလို လေလှိုင်းပေါ်တွင် မဟုတ်မမှန် လုပ်ကြံသတင်းများဖြင့် ဝါဒဖြန့် တိုက်ခိုက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ် နိုဝင် ဘာလ တစ်လတည်းတွင်ပင် ပြည်ပအထောက်အပံ့ခံမီဒီယာများက သတင်းတု၊ သတင်းမှား၊ လုပ်ကြံရေးသားခြင်းနှင့် ဖြစ်စဉ်ဖြစ်ပွားသော်လည်း အမှန်အတိုင်းမရေးသားဘဲ မဟုတ်မမှန်လုပ်ကြံ ဝါဒဖြန့်ရေးသားကြရာတွင် လုပ်ကြံသတင်းအတု ၁၈၇ ပုဒ်၊ သတင်းအမှား ၃၉၅ ပုဒ် စုစုပေါင်း သတင်းအတု၊ သတင်းအမှား ၆၂၃ ပုဒ် ရေးသားဖြန့်ဝေခဲ့သည်။ ပြည်ဖျက်မီဒီယာများ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေးသားဖြန့်ဝေခဲ့သည့် သတင်းအပုဒ် ၁၀၀ တွင် အပုဒ် ၉၀ မှာ သတင်း မှားများဖြစ်နေသည်ဟု လေ့လာသူတို့က တွေ့ရှိထားသည်။

 

စစ်အေးလွန်ကာလတွင် အင်အားကြီးနိုင်ငံကြီးများသည် ဝါဒမတူသည့်နိုင်ငံများအား ဝင်ရောက်စွက်ဖက် ထိန်းချုပ်နိုင်ရန် သို့မဟုတ် ၎င်းတို့အလိုကျ အစိုးရတစ်ရပ် သို့မဟုတ် တိုင်းပြည်ပြိုကွဲပျက်စီးစေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ သံတမန်ရေးစသည့်နယ်ပယ်များတွင်သာမက ပြည်သူလူထုတစ်ရပ်လုံးအပေါ် လွှမ်းခြုံနိုင်သည့် မီဒီယာများအား အဓိကလက်နက်သဖွယ်အသုံးချနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ယနေ့ကာလတွင် ပြည်ပအထောက်အပံ့ခံမီဒီယာကြီးများက သတင်းမှားများ ထုတ်လွှင့်ကာ တိုင်းပြည်ပျက်စီးအောင် ပြုလုပ်နေသည်ကို ပြည်သူများအနေဖြင့် သတင်းမှန်၊ သတင်းမှား ခွဲခြားရှုမြင်ပြီး တိုင်းပြည် အကျိုးစီးပွားကို အလေးထားနိုင်ကြစေရန် အသိပေးအပ်ပါကြောင်း။

 

ကြေးမုံ