ရန်ကုန် ၂၇ ဇူလိုင်
၂၀၁၉ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၄) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ပဒုမ္မာကွင်းနှင့် စလင်းကွင်း၌ ကျင်းပရာ ချင်းယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ရပြီး ချန်ပီယံဆုရရှိခဲ့သည်။
ချန်ပီယံဆုအတွက် အသင်းသုံးသင်း မျှော်လင့်ချက်ရှိနေသောကြောင့် နောက်ဆုံးပွဲအထိ အဆုံးအဖြတ်ခံယူခဲ့ရပြီး ချင်းယူနိုက်တက်အသင်းက တက္ကသိုလ်အသင်းကို လေးဂိုး-တစ်ဂိုး၊ အား/ကာသိပ္ပံအသင်းက မြဝတီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ချင်းယူနိုက်တက်အသင်းသည် ချန်ပီယံဆုအတွက် တက္ကသိုလ်ကို ဂိုးပြတ်အနိုင်ရရန် ကြိုးပမ်းခဲ့ပြီး အောင်မြတ်သူက ၅၊ ၇၃၊ ၉၀+၂ မိနစ်တွင် ဟက်ထရစ်သွင်းယူကာ ကျန်တစ်ဂိုးကို ၅၂ မိနစ်တွင် နန်းမင်းအောင်က သွင်းယူခဲ့သည်။
တက္ကသိုလ်အသင်းအတွက် ချေပဂိုးကို ၇၆ မိနစ်တွင် ညီညီအောင်က သွင်းယူခဲ့သည်။ အား/ကာသိပ္ပံအသင်းမှာမူ မြဝတီကို ၃၄ မိနစ်တွင် ဝေလင်းအောင်သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် ပြိုင်ပွဲအပြီးတွင် ချင်းယူနိုက်တက်နှင့် အား/ကာသိပ္ပံအသင်းတို့ ၁၀ ပွဲနိုင်၊ သုံးပွဲသရေ၊ တစ်ပွဲရှုံး ၃၃ မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက်ဖြင့် ချင်းယူနိုက်တက်အသင်းက ချန်ပီယံဖြစ်ခဲ့ပြီး အား/ကာသိပ္ပံအသင်းမှာမူ ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရသည်။ ယင်းနှစ်သင်းစလုံးသည် လာမည့်ရာသီတွင် MNL သို့ တန်းတက်ခွင့်ရခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တတိယဆုရ မြဝတီအသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ်သိန်း ၁၀ဝ၊ ဒုတိယဆုရ အား/ကာသိပ္ပံအသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ်သိန်း ၁၅၀၊ ပထမဆုရ ချင်းယူနိုက်တက်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးကျပ်သိန်း ၃၀ဝ နှင့် ချန်ပီယံဆုဖလားကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။
ချင်းယူနိုက်တက်အသင်းသည် MNL သို့ တစ်ကျော့ပြန် တန်းတက်ခွင့်ရခြင်းဖြစ်ပြီး အား/ကာသိပ္ပံအသင်းမှာမူ ပထမဆုံးတန်းတက်ခွင့်ရခြင်းဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ဖိုးသော်ဇင်