ရန်ကုန်၊ ၆ ဇန်နဝါရီ

 

မြန်မာနေရှင်နယ်လိဂ်က ကျင်းပမည့် ၂၀၂၁ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် အသင်းသစ်နှစ်သင်း ထပ်တိုးလာမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၁ ရာသီ MNL-2 (ပထမတန်း) ပြိုင်ပွဲကို မေလမှ သြဂုတ်အထိကျင်းပရန် စီစဉ်ထားပြီး အသင်းပေါင်းရှစ်သင်းဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။

 

၂၀၂၀ ရာသီ MNL-2 (ပထမတန်း) ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါကြောင့် ပထမအကျော့အပြီးတွင် ဖျက်သိမ်းခဲ့ရပြီး ပြီးဆုံးအောင်ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၁ ရာသီ MNL ပြိုင်ပွဲတွင် အသင်းအရေအတွက် ပြည့်မီစေရန် MNL-2 မှ Chinland နှင့် မြဝတီအသင်းတို့ကို တန်းတက်ခွင့်ပြုခဲ့ရာ ခြောက်သင်းသာကျန်ရှိတော့ခြင်းဖြစ်သည်။

 

ထို့ကြောင့် မြန်မာနေရှင်နယ်လိဂ်သည် MNL-2 (ပထမတန်း) ပြိုင်ပွဲတွင် အသင်းရှစ်သင်းပြည့်မီစေရန် ပြိုင်ပွဲဝင်ရန် လျှောက်ထားသည့်အသင်းနှစ်သင်းအား ယှဉ်ပြိုင်ခွင့်ပြုခဲ့ပြီး အသင်းသစ်နှစ်သင်းတွင် ၂၀၁၉ ရာသီကုန်တွင် ဖျက်သိမ်းခဲ့သည့် ဒဂုံအသင်းလည်း ပါဝင်ခဲ့သည်။ ဒဂုံအသင်းသည် ၂၀၁၉ ရာသီတွင် MNL သို့ တန်းတက်ခွင့်ရခဲ့သော်လည်း ယင်းရာသီကုန်တွင် တန်းဆင်းခဲ့ရပြီးနောက် အသင်းဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ အသင်းသစ်တစ်သင်း၏အမည်ကိုမူ မြန်မာနေရှင်နယ်လိဂ်က ထပ်မံကြေညာမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်