ရန်ကုန် ၂၆ ဇူလိုင်


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၈) ကို ဇူလိုင် ၂၇၊ ၂၈ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး အသင်းကြီးအချင်းချင်းတွေ့ဆုံသည့်ပွဲ မပါဝင်သော်လည်း အသင်းကြီးများ အမှတ်ရှာဖွေရမည့် ရက်သတ္တပတ်ပင် ဖြစ်သည်။


ပွဲစဉ် (၁၈) အဖြစ် ဇူလိုင် ၂၇ ရက် တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် Chinland အသင်း၊ တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် Southern အသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ဇွဲကပင်အသင်း၊ ဇူလိုင် ၂၈ ရက်တွင် မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် ရခိုင်အသင်း၊ သုဝဏ္ဏကွင်း၌ ဒဂုံအသင်းနှင့် ဟံသာဝတီအသင်း၊ မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ရန်ကုန်အသင်းမှလွဲ၍ ကျန်အသင်းကြီးအများစုမှာ အိမ်ကွင်း ကစားရမည်ဖြစ်ပြီး ချန်ပီယံဆုအတွက်သာမက တန်းဆင်းဇုန်နေရာအတွက်ပါ အရေးကြီးသည့် ကာလလည်း ဖြစ်သည်။ 

ဇယားထိပ်ဆုံးမှ ရန်ကုန်အသင်းကို စမ်းသပ်မည့်ပွဲဖြစ်ပြီး ရှုံးပွဲဆက်နေသည့် စစ်ကိုင်းအသင်းသည် အိမ်ကွင်းပြန်လည်ကစားရမည်ဖြစ်သောကြောင့် ပြိုင်ဆိုင်မှုပြင်းထန်သည့်ပွဲဖြစ်လာနိုင်သည်။ ရန်ကုန်အသင်း အဝေးကွင်းကစားရမည့် အချိန်တွင် အိမ်ကွင်းကစားရမည့် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့မှာလည်း အမှတ်ပြည့်ရယူနိုင်မှသာ ချန်ပီယံဆုကို ဆက်လက်ခြိမ်းခြောက် နိုင်မည်ဖြစ်သည်။


ပွဲစဉ် (၁၇) အပြီးတွင် ရန်ကုန်အသင်းက ၃၆ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက် တက်အသင်းက ၃၃ မှတ်၊ ဧရာဝတီအသင်းက ၃၁ မှတ်၊ ဟံသာဝတီအသင်းက ၂၈ မှတ်၊ ရခိုင်အသင်းက ၂၆ မှတ်၊ ရတနာပုံအသင်းက ၂၅ မှတ်၊ စစ်ကိုင်းအသင်းက ၂၃ မှတ်၊ မကွေးနှင့် ဇွဲကပင်အသင်းက ၁၈ မှတ်စီ၊ Southern အသင်းက ၁၅ မှတ်၊ ဒဂုံအသင်းက ၁၃ မှတ်၊ Chinland အသင်းက ၁၂ မှတ် ရရှိထားသည်။ 


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်