ရန်ကုန် ၂ မေ

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၀)ကို ယခုတစ်ပတ် စနေ၊ တနင်္ဂနွေနေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှု မရှိသော်လည်း ထိပ်ဆုံးမှ ရတနာပုံအသင်းအပါအဝင် ရှမ်းယူနိုက်တက်၊ ဧရာဝတီအသင်းတို့မှာ အဝေးကွင်းပွဲများ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပွဲစဉ် (၁၀) အဖြစ် မေ ၄ ရက်တွင် YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် စစ်ကိုင်းအသင်း၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် ဒဂုံအသင်း၊ သုဝဏ္ဏကွင်း၌ Chinland အသင်းနှင့် မကွေးအသင်း၊ မေ ၅ ရက်တွင် ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ရတနာပုံအသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပွဲစဉ် (၉) အပြီးတွင် ရတနာပုံအသင်းက ၂၀ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရန်ကုန်အသင်းက ၁၉ မှတ်၊ ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းက ၁၇ မှတ်စီ၊ ဧရာဝတီအသင်းက ၁၆ မှတ်၊ စစ်ကိုင်းအသင်းက ၁၅ မှတ်၊ ရခိုင်အသင်းက ၁၂ မှတ်၊ ဇွဲကပင်အသင်းက ကိုးမှတ်၊ မကွေးနှင့် Southern အသင်းက ခုနစ်မှတ်စီ၊ ဒဂုံအသင်းက ခြောက်မှတ်၊ Chinland အသင်းက နှစ်မှတ်ရထားသည်။ ယခုတစ်ပတ်တွင် အသင်းကြီးများ တွေ့ဆုံမှုမရှိသော်လည်း ဇယားထိပ်ပိုင်းမှ အသင်းကြီးများအသင်းအနေဖြင့် အမှတ်များစုဆောင်းရမည်ဖြစ်ပြီး အဝေးကွင်းကစားရမည့် ရတနာပုံနှင့် ရှမ်းယူနိုက်တက်အသင်းတို့ နိုင်ပွဲရယူနိုင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ 

နိုင်ပွဲဆက်ပြီး ဇယားထိပ်ပိုင်းမှ ဦးဆောင်နေသည့် ရတနာပုံအသင်းသည် အဝေးကွင်းပွဲကျပ် ထပ်မံကစားရမည်ဖြစ်ပြီး နိုင်ပွဲရယူနိုင်ပါက ရာသီဝက်ချန်ပီယံဖြစ်ရန် နီးစပ်သွားမည်ဖြစ်သည်။ နိုင်ပွဲပျောက်ဆုံးနေသည့် ရှမ်းယူနိုက်တက်အသင်းသည် ယခုတစ်ပတ်တွင် နိုင်ပွဲပြန်ရရန် ကြိုးပမ်းမည်ဖြစ်ပြီး ယခုတစ်ပတ်တွင် နိုင်ပွဲထပ်ပျောက်ပါက ဇယားထိပ်ပိုင်းမှအသင်းများနှင့် အမှတ်ပိုပြတ်သွားဖွယ်ရှိနေသည်။

လက်ရှိချန်ပီယံရန်ကုန်အသင်းသည် ထိပ်ဆုံးမှ ရတနာပုံအသင်းကို ဆက်လက်ဖိအားပေးနိုင်ရန် ကြိုးပမ်းရမည်ဖြစ်ပြီး စစ်ကိုင်းအသင်းကလည်း နိုင်ပွဲထပ်မပျောက်ဆုံးရန် ကြိုးပမ်းရမည်ဖြစ်သည်။ ပထမအကျော့ပွဲစဉ်များမှာ ပြီးဆုံးတော့မည်ဖြစ်ပြီး ရာသီဝက်ချန်ပီယံဆုအတွက် အသင်းအများစု မျှော်လင့်ချက်ရှိနေသည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်