၇ အောက်တိုဘာ
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ရှမ်းယူနိုက်တက်အသင်းထံ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုက ဂုဏ်ပြုလွှာပေးပို့ခဲ့သည်။
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ထံမှ ရှမ်းယူနိုက်တက်အသင်းထံ ဂုဏ်ပြုလွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုသည် ဘောလုံးရာသီလေးခုအတွင်း တတိယအကြိမ်မြောက် ချန်ပီယံဆုရယူနိုင်ခဲ့သည့် အတွက် ရှမ်းယူနိုက်တက်ဘောလုံးအသင်းအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်းဖြင့် ဂုဏ်ပြုလွှာတွင် ရေးသားဖော်ပြ ခဲ့သည်။
ဖီဖာဥက္ကဋ္ဌများသည် MNL ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းများထံ ဂုဏ်ပြုလွှာများပေးပို့လျက်ရှိပြီး ရှမ်းယူနိုက်တက် အသင်းမှာလည်း သုံးကြိမ်မြောက် လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် MNL အမှတ်ပေးချန်ပီယံဆုကို သုံးကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၀ ရာသီတို့တွင် ရရှိခဲ့ခြင်းဖြစ်ကာ နောက်ဆုံးလေးနှစ်အတွင်း သုံးကြိမ်မြောက် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် ရမှတ် ၄၄ မှတ်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲရပ်နားပြီး ပြန်လည်ကျင်းပသည့် ၁၁ ပွဲဆက်အနိုင်ရခဲ့သောကြောင့် အမှတ်ပေးချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ ခြင်းဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်