ရန်ကုန် ၃၁ ဇူလိုင်
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးရန် ပွဲစဉ်လေးခုသာလိုတော့ပြီး ချန်ပီယံဆုအတွက် သုံးသင်းအပြိုင်ဖြစ်နေသည်။
ဇူလိုင် ၂၇၊ ၂၈ ရက်က ကျင်းပသည့် ပွဲစဉ် (၁၈) အပြီးတွင် ၃၇ မှတ်ရထားသည့် ရန်ကုန်အသင်း၊ ၃၄ မှတ်စီရထားသည့် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ အပြိုင်ဖြစ်နေပြီး လက်ကျန်လေးပွဲမှာ အဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည်။
လက်ကျန်ပွဲအနေအထားအရ ယင်းသုံးသင်းစလုံးမှာ ပွဲကျပ်များ ကစားရန်ကျန်နေပြီး ရန်ကုန်အသင်းက အိမ်ကွင်းတစ်ပွဲနှင့် အဝေးကွင်း သုံးပွဲ၊ ရှမ်းယူနိုက်တက်အသင်းက အိမ်ကွင်းလေးပွဲ၊ ဧရာဝတီအသင်းက အိမ်ကွင်းသုံးပွဲ၊ အဝေးကွင်းတစ်ပွဲ ကစားရမည်ဖြစ်သည်။
လက်ကျန်ပွဲများအဖြစ် ရန်ကုန်အသင်းသည် ပွဲစဉ် (၁၉) တွင် Chinland အသင်းနှင့် အဝေးကွင်း၊ ပွဲစဉ် (၂၀) တွင် ဧရာဝတီအသင်းနှင့် အဝေးကွင်း၊ ပွဲစဉ် (၂၁) တွင် Southern အသင်းနှင့် အဝေးကွင်း၊ ပွဲစဉ် (၂၂) တွင် မကွေးအသင်းနှင့် အိမ်ကွင်း၊ ရှမ်းယူနိုက်တက်အသင်းသည် ပွဲစဉ် (၁၉) တွင် ရတနာပုံအသင်း၊ ပွဲစဉ် (၂၀) တွင် ဇွဲကပင်အသင်း၊ ပွဲစဉ် (၂၁) တွင် မကွေးအသင်း၊ ပွဲစဉ် (၂၂) တွင် ရခိုင်အသင်းနှင့် အိမ်ကွင်းပွဲများကစားရမည်ဖြစ်သည်။
ဧရာဝတီအသင်းမှာမူ ပွဲစဉ် (၁၉) တွင် မကွေးအသင်းနှင့် အိမ်ကွင်း၊ ပွဲစဉ် (၂၀) တွင် ရန်ကုန်အသင်းနှင့် အိမ်ကွင်း၊ ပွဲစဉ် (၂၁) တွင် ဟံသာဝတီအသင်းနှင့် အဝေးကွင်း၊ ပွဲစဉ် (၂၂) တွင် စစ်ကိုင်းအသင်းနှင့် အိမ်ကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ လက်ကျန်လေးပွဲကို သြဂုတ်တွင် သုံးပွဲ၊ စက်တင်ဘာ ၁၅ ရက်တွင် တစ်ပွဲ ကစားရမည်ဖြစ်ရာ သြဂုတ်တွင် ကစားရမည့်သုံးပွဲမှာ ချန်ပီယံဆုအတွက် အတိုင်းအတာတစ်ခုထိ အဖြေထွက်ပေါ်လာနိုင်ပေသည်။
ယခုတစ်ပတ်ကစားမည့်ပွဲများတွင် ချန်ပီယံမျှော်လင့်ချက်ရှိသည့်သုံးသင်းစလုံး အနိုင်ရပါက ပွဲစဉ် (၂၀) အဖြစ် သြဂုတ် ၁၀ ရက်တွင် ကစားမည့် ဧရာဝတီနှင့် ရန်ကုန်ပွဲမှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ဖြစ်လာနိုင်သည်။ သုံးမှတ်အသာရထားသည့် ရန်ကုန်အသင်းသည် ကျန်နှစ်သင်းထက် အသာစီးရထားပြီး ခြောက်ကြိမ်မြောက်ချန်ပီယံဆုအတွက် အလားအလာကောင်းနေသည်။ ယခုတစ်ပတ်ကစားမည့်ပွဲများမှာလည်း အရေးပါနေပြီး ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းသည် အိမ်ကွင်းကစားရမည်ဖြစ်သော်လည်း ပွဲကျပ်ကစားရမည်ဖြစ်သောကြောင့် အမှားလုပ်၍မရသည့်အနေအထား ဖြစ်နေသည်။
ယခုရာသီတွင် ချန်ပီယံဆုအပြင် တန်းဆင်းဇုန်တွင်လည်း အသင်းသုံးသင်းအပြိုင်ဖြစ်နေပြီး Southern၊ ဒဂုံနှင့် Chinland အသင်းတို့၏ ပြိုင်ဆိုင်မှုများကို တွေ့မြင်ရမည်ဖြစ်သည်။ ၂၀၁၉ ရာသီ ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ စက်တင်ဘာတွင် ပြီးဆုံးမည်ဖြစ်ရာ ပန်းဝင်ခါနီးကာလတွင် ဘယ်အသင်း ရလဒ်ကောင်းရယူနိုင်မလဲ၊ ဘယ်အသင်း ခြေချော်မလဲဆိုတာ စောင့်ကြည့်ရမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်