ဒီဇင်ဘာ ၁၈

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် MNL ကလပ်အသင်းများသည် ယနေ့နံနက်ပိုင်းက ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။

၂၀၁၉ MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ပထမဆုံးခြေစမ်းပွဲအဖြစ် မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် နိုင်ငံခြားသား ကစားသမားများအပြင် ပြည်တွင်းအမာခံ ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး မကွေးအသင်းမှာလည်း ပြည်တွင်းအမာခံ ကစားသမားများဖြင့် ယှဉ်ပြိုင်ကစားခဲ့သည်။

မကွေးအသင်းသည် ၁၃ မိနစ်တွင် နိုင်နိုင်ကျော် သွင်းယူသည့်ဂိုးဖြင့် ပထမပိုင်းတွင် ဦးဆောင်နိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယပိုင်းတွင် ချေပဂိုးရရန် အားထည့်ကစားလာပြီး ၄၉ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် မက်ဆီမင်က ချေပဂိုးပြန်သွင်းခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ၆၄ မိနစ်တွင် ကစားသမားသစ် နောက်ခံလူ ဒန်နီရယ်လ်က သွင်းယူခဲ့သည်။ ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပသည့်ခြေစမ်းပွဲတွင် ဧရာဝတီအသင်းနှင့် Southern အသင်းတို့ နှစ်ဂိုးစီ သရေကျခဲ့သည်။ ဧရာဝတီအသင်းသည် နှစ်ကြိမ်တိုင် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်၍ သရေကျခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီအသင်းအတွက် ဂိုးများကို ၂၂ မိနစ်တွင် သန်းထက်အောင်၊ ၄၁ မိနစ်တွင် ကောင်းမြတ်သူတို့က သွင်းယူခဲ့ပြီး Southern အသင်းအတွက် ဂိုးများကို ၂၈၊ ၇၃ မိနစ်တွင် အောင်မြတ်သူက သွင်းယူခဲ့သည်။

MNL ကလပ်အသင်းများသည် ဒီဇင်ဘာ ၂၁ ရက်တွင်လည်း ခြေစမ်းပွဲများ ထပ်မံယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ရဲရင့်ရှိုင်း