ရန်ကုန် ဇွန် ၁၅
၂၀၂၅ MNL League Cup ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲများကို ဇွန် ၁၄၊ ၁၅ ရက်က ဆက်လက်ကျင်းပခဲ့ပြီး ကွာတားဖိုင်နယ်ရောက်အသင်း အားလုံး စုံလင်စွာထွက်ပေါ်လာပြီဖြစ်သည်။
အုပ်စုနောက်ဆုံးနေ့တွင် ဧရာဝတီယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ မြဝတီအသင်းက ရတနာပုံအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး ရခိုင်ယူနိုက်တက်အသင်း နှင့် အား/ကာသိပ္ပံအသင်း နှစ်ဂိုးစီသရေ၊ သစ္စာအားမာန်အသင်းနှင့် Dagon Port အသင်း နှစ်ဂိုးစီ သရေကျခဲ့သည်။ အုပ်စုတက်ရေး အဆုံး အဖြတ်ပွဲများတွင် ဧရာဝတီယူနိုက်တက်နှင့် မြဝတီအသင်း နိုင်ပွဲ ရယူကာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့သလို ရခိုင်ယူနိုက်တက် အသင်းကလည်း အုပ်စု ပထမနေရာအတွက် လိုအပ်နေသည့် သရေတစ်မှတ် ရယူခဲ့သည်။ ထို့ပြင် Dagon Port အသင်း မှာလည်း နှစ်ကြိမ်တိုင် နောက်မှလိုက်ကစားကာ သရေတစ်မှတ်ရယူပြီး ကွာတားဖိုင်နယ် တက်ရောက် ခဲ့သည်။
အုပ်စု (A) ပွဲစဉ်များအပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၁၀ မှတ်ဖြင့် အုပ်စု ပထမ၊ Dagon Port အသင်းက ရမှတ်ခုနစ်မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ကွာတားဖိုင်နယ် တက် ရောက်ပြီး ခြောက်မှတ်ရသည့် သစ္စာအားမာန်အသင်း၊ လေးမှတ်ရသည့် တက္ကသိုလ်အသင်းနှင့် အမှတ်မရသည့် YB United အသင်းတို့မှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ အုပ်စု (B) ပွဲစဉ်များအပြီး တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၁၀ မှတ်ဖြင့် အုပ်စုပထမ၊ ဧရာဝတီယူနိုက်တက်အသင်းက ခုနစ်မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပြီး လေးမှတ်စီရရှိသည့် ရန်ကုန် ရွိုင်ရယ်အသင်းနှင့် မဟာယူနိုက်တက်အသင်း၊ တစ်မှတ်ရရှိသည့် ကချင်ယူနိုက်တက်အသင်းတို့မှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ အုပ်စု (C) ပွဲစဉ်များ အပြီးတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီ ယူနိုက်တက်အသင်း ရှစ်မှတ်စီတူညီသော်လည်း ဂိုးကွာခြားချက်ဖြင့် ရခိုင်ယူနိုက်တက်အသင်းက အုပ်စုပထမ၊ ဟံသာဝတီယူနိုက်တက်အသင်းက အုပ်စုဒုတိယရရှိကာ ကွာတားဖိုင်နယ်တက်ရောက် ခဲ့သည်။ ငါးမှတ်စီရရှိသည့် အား/ကာသိပ္ပံနှင့် Chinland အသင်း၊ အမှတ်မရသည့် Glory Goal အသင်းတို့မှာ အုပ်စုမှ ထွက်ခဲ့ရသည်။ အုပ်စု (D) တွင်မူ ရတနာပုံအသင်းနှင့် မြဝတီအသင်း ကိုးမှတ် စီတူသော်လည်း ဂိုးကွာခြားချက်ဖြင့် ရတနာပုံအသင်းက အုပ်စုပထမ၊ မြဝတီအသင်းက အုပ်စု ဒုတိယရရှိကာ နောက်တစ်ဆင့်တက်ရောက်ခဲ့ပြီး ခုနစ်မှတ်ရသည့် ဒဂုံစတားအသင်း၊ လေးမှတ်ရသည့် ရာမည ယူနိုက်တက်နှင့် အမှတ်မရသည့် ငွေကြယ်ပွင့်အသင်းတို့မှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ဇွန် ၁၈ ရက်တွင် သုဝဏ္ဏကွင်း၌ မြဝတီအသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၊ YUSC ကွင်း၌ Dagon Port အသင်းနှင့် ရတနာပုံအသင်း၊ ဇွန် ၁၉ ရက်တွင် သုဝဏ္ဏကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီ ယူနိုက်တက်အသင်း၊ YUSC ကွင်း၌ ရခိုင်ယူနိုက်တက် အသင်းနှင့်ဧရာဝတီယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MNL