ရန်ကုန် ဇွန် ၂၃
၂၀၂၅ MNL League Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမပွဲစဉ်ကို ဇွန် ၂၃ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ယခုပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားနေသည့် အသင်းများအနက် တစ်သင်းအပါအဝင်ဖြစ်သော ရန်ကုန်ယူနိုက်တက်အသင်းသည် ဗိုလ်လုပွဲသို့ နှစ်ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့သည်။ နည်းပြသစ် ဦးမြင့်ကို လက်ထက်တွင် ဆီမီးဖိုင်နယ်အထိ တက်ရောက်လာသည့် ရတနာပုံ အသင်းသည် ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့်ဂိုးများကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။
နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာပြီး နိုင်ငံခြားသားကစားသမား ပါဝင် သည့် ရန်ကုန်ယူနိုက်တက်အသင်းက ရုန်းအားပိုကောင်းခဲ့သည်။ ပွဲအစ ခုနစ်မိနစ်တွင် သာယာ ဝင်းထက်က ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဂိုးစတင်သွင်းယူပြီး ၃၄ မိနစ်တွင် အသင်း ခေါင်းဆောင် ပြည်မိုးက ရတနာပုံအသင်းအတွက် ချေပဂိုး ပြန်သွင်းခဲ့သဖြင့် ပထမပိုင်းအပြီးတွင် တစ်ဂိုးစီသရေကျနေသည်။ ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဂိုးထပ်မံရရှိရန် ကစား သမားပြောင်းလဲကာ တိုက်စစ်မြှင့်ခဲ့ပြီး ပွဲပြီးခါနီးတွင် အနိုင်ဂိုးများ ဆက်တိုက်ရရှိခဲ့သည်။ ရန်ကုန် ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၈၈ မိနစ်တွင် ကောင်းစည်သူနှင့် ၉၀+၅ မိနစ်တွင် အီစိုးတို့က သွင်းယူခဲ့သည်။
ဆီမီးဖိုင်နယ် ဒုတိယပွဲကို ဇွန် ၂၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ညီမြတ်သော်တာ
ဓာတ်ပုံ-MNL