ရန်ကုန် ၁၄ မတ်
ယခုနှစ်အတွင်းယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် မြန်မာ ယူ-၂၁ အသင်းတို့သည် MNL ပွဲ ပထမအကျော့ အပြောင်းအလဲကြောင့် လေ့ကျင့်ရက် လျှော့ချခဲ့သည်။
ယင်းနှစ်သင်းစလုံးသည် ယခင်က မတ် ၂၀ ရက်အထိ လေ့ကျင့်ရန် စီစဉ်ထားသော်လည်း MNL အမှတ်ပေးပြိုင်ပွဲကို မတ် ၂၃ ရက်တွင် ပြန်လည်ကျင်းပရန် ဆုံးဖြတ်ခဲ့သောကြောင့် လေ့ကျင့်ရက်ကို လျှော့ချကာ မြန်မာ့လက်ရွေးစင်အသင်းက မတ် ၁၇ ရက်၊ မြန်မာ ယူ-၂၁ အသင်းက မတ် ၁၈ ရက် နံနက်ပိုင်းအထိသာ လေ့ကျင့်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် မတ် ၁၂ ရက် ညနေပိုင်းတွင် စတင်လေ့ကျင့်ခဲ့ပြီး ကစားသမား ၂၃ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယခုလအတွင်း ယှဉ်ပြိုင်ရမည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲများ ရွှေ့ဆိုင်းခဲ့သော်လည်း နည်းပြချုပ် အန်တွမ်နီဟေး အနေဖြင့် လေ့ကျင့်မှုပြုလုပ်လိုသောကြောင့် ကာလတို လေ့ကျင့်ပြင်ဆင်ခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းတွင် နည်းပြချုပ်အဖြစ် အန်တွမ်နီဟေး(ဂျာမနီ)၊ လက်ထောက်နည်းပြများအဖြစ် ဦးကြည်လွင်၊ ဦးမင်းထွန်းလင်း၊ ဦးအောင်ကျော်မိုး၊ ဂိုးနည်းပြအဖြစ် ဦးစိုင်းမောင်မောင်ဦး၊ ကစားသမားများအဖြစ် ဂိုး-ကျော်ဇင်ထက် (ရန်ကုန်)၊ ကျော်ဇင်ဖြိုး (ဧရာဝတီ)၊ ပြည့်လျှံအောင် (ရတနာပုံ)၊ နောက်တန်း-ဟိန်းသီဟဇော်၊ ဒေးဗစ်ဒန်း၊ နန္ဒကျော်၊ ငြိမ်းချမ်း (ရှမ်းယူနိုက်တက်)၊ ဇော်ရဲထွန်း၊ ရဲရင့်အောင် (ရတနာပုံ)၊ သိန်းသန်းဝင်း၊ ထိုက်ထိုက်အောင် (ရန်ကုန်)၊ ကျော်ဇင်လွင် (ဧရာဝတီ)၊ အလယ်တန်း-ဇင်ဖြိုးအောင် (ဇွဲကပင်)၊ မောင်မောင်လွင်၊ မောင်မောင်ဝင်း (ရန်ကုန်)၊ လွင်မိုးအောင် (ဧရာဝတီ)၊ လှိုင်းဘိုဘို၊ မျိုးကိုထွန်း (ရတနာပုံ)၊ ရန်နိုင်ဦး၊ ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်)၊ ရှေ့တန်း- အောင်သူ (ရတနာပုံ)၊ သန်းပိုင် (ရန်ကုန်) နှင့် ပြည်မိုး (မကွေး) တို့ ပါဝင်ကြသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် မတ် ၁၇ ရက် ညနေပိုင်းတွင် ခြေစမ်းပွဲတစ်ပွဲကစားရန် စီစဉ်ထားသည်။
မြန်မာ ယူ-၂၁ အသင်းမှာမူ မတ် ၁၁ ရက်ညနေပိုင်းတွင် စတင်လေ့ကျင့်ခဲ့ပြီး ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်းထားသည်။ ယင်းအသင်းကို ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကစားသမားများ၏ ခြေစွမ်းကို ကြည့်ရှုနိုင်ရန်နှင့် လေ့ကျင့်မှုပြည့်ဝစေရန် ကြိုတင်လေ့ကျင့်ခြင်း ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းတွင် နည်းပြချုပ်အဖြစ် ပိုပေါ့ဗ် (ဘူလ်ဂေးရီးယား)၊ လက်ထောက်နည်းပြများအဖြစ် ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်း၊ ဂိုးနည်းပြ- ဦးအောင်ကျော်ကျော်၊ ကြံ့ခိုင်ရေးနည်းပြအဖြစ် ဖွန်ဆီကာ၊ ကစားသမားများအဖြစ် ဂိုး- ဇင်ညီညီအောင် (အား/ကာသိပ္ပံ)၊ ထွန်းနန္ဒဦး (မြဝတီ)၊ အောင်ကိုလတ် (Southern)၊ နောက်တန်း-ရဲလင်းထက်၊ စိုးမိုးကျော် (ဧရာဝတီ)၊ ဇွဲထက်မင်း၊ ဇွဲခန့်မင်း (ရှမ်း)၊ သက်ပိုင်ထွေး၊ ကျော်ဖြိုးဝေ (ဇွဲကပင်)၊ သက်ဟိန်းစိုး၊ အံ့မော်ဦး (ရတနာပုံ)၊ ဟိန်းထက်စည်သူ (မကွေး)၊ ဝေလင်းအောင် (အား/ကာသိပ္ပံ)၊ အလယ်တန်း- ဟိန်းထက်အောင်၊ ထက်လင်းလင်း (ဟံသာဝတီ)၊ ဇော်မွန်းအောင်၊ အောင်ဇေယျာဖြိုး၊ မင်းမြတ်စိုး (အား/ကာသိပ္ပံ)၊ မျိုးမင်းဖြိုး (စစ်ကိုင်း)၊ ရှေ့တန်း- ပြည့်စုံနိုင်၊ ရဲရင့်အောင် (ရတနာပုံ)၊ ဝင်းနိုင်ထွန်း (ဧရာဝတီ)၊ သန့်ဇင်မြင့်၊ ခင်ကျော်ဝင်း (အား/ကာသိပ္ပံ)နှင့် လွှမ်းမိုးဦး (ရန်ကုန်) တို့ ပါဝင်ကြသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်