၂၃ ဩဂုတ်

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၀) ကို သြဂုတ် ၂၂၊ ၂၃ ရက်က ဆက်လက်ကျင်းပရာ ရန်ကုန်၊ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်၊ ရတနာပုံနှင့် ဧရာဝတီအသင်းတို့ အနိုင်ရရှိခဲ့သည်။

ပွဲစဉ် (၁၀) တွင် ရတနာပုံအသင်းက အားကာသိပ္ပံအသင်းကို လေးဂိုး-ဂိုးမရှိ၊ ဧရာဝတီအသင်းက ရခိုင်အသင်းကို လေးဂိုး-ဂိုးမရှိ၊ ရန်ကုန်အသင်းက မကွေးအသင်းကို ခြောက်ဂိုး-ဂိုးမရှိ၊ ရှမ်းယူနိုက်တက်အသင်းက Southern အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။  ရတနာပုံအသင်းသည် ဒုတိယပိုင်းသွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်ပြီး တိုက်စစ်မှူးအောင်သူလည်း ဟက်ထရစ် သွင်းယူခဲ့သည်။ ရတနာပုံအသင်းသည် ခြေစွမ်းအရ အကောင်းဆုံးအနေအထားမရှိသော်လည်း ဒုတိယပိုင်းတွင် ဂိုးများဆက်တိုက်ရခဲ့၍ ဂိုးပြတ်သွားခြင်းဖြစ်သည်။ ရတနာပုံအသင်းသည် ရဲကိုဦး၊ အောင်သူ၊ လှိုင်းဘိုဘို၊ ဝင်းနိုင်စိုးစသည့် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာပြီး အသင်းသို့ ပြန်လည်ရောက်ရှိလာသည့် မြတ်ကောင်းခန့်ကိုလည်း လူစားလဲအသုံးပြုခဲ့သည်။ ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့်အသင်းနှစ်သင်းတွေ့ဆုံခြင်းဖြစ်ပြီး အားကာသိပ္ပံအသင်းက ကစားသမားအင်အားချင်း မယှဉ်နိုင်၍ တန်ပြန်တိုက်စစ်ဖြင့် ကစားခဲ့ရသည်။ ရတနာပုံအသင်းအတွက် ပထမဂိုးကို ၆၁  မိနစ်တွင် မျိုးကိုထွန်းက အဝေးကန်ချက်ဖြင့် သွင်းယူခဲ့သည်။

ရတနာပုံအတွက် အနိုင်ဂိုးများကို အောင်သူက ၈၃၊ ၈၆၊ ၉၀+ မိနစ်တို့တွင် သွင်းယူခဲ့ပြီး ၈၆ မိနစ်တွင် သွင်းယူသည့်ဂိုးမှာ ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်သည်။

်ရခဲ့သည်။ ဒုတိယနေရာတွင် ရပ်တည်နေသည့် ဧရာဝတီအသင်းသည် ယခုဂိုးပြတ်နိုင်ပွဲကြောင့် ထိပ်ဆုံးမှ ဟံသာဝတီအသင်းကို တစ်မှတ်အကွာဖြင့် ဖိအားပေးနိုင်ခဲ့ပြီး ရာသီဝက်ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိလာခဲ့သည်။ ဧရာဝတီအသင်းသည် ပုံစံကောင်းပြသနိုင်ခဲ့ပြီး ရခိုင်အသင်းမှာ အားနည်းချက်များရှိနေသဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ဧရာဝတီအသင်းအတွက် အနိုင်ဂိုးများကို ၂၇ မိနစ်တွင် စိုးမိုးကျော်၊ ၃၆၊ ၆၂ မိနစ်တွင်ဆာဆက်နှင့် ၇၂ မိနစ်တွင် သန်းထက်အောင်တို့က သွင်းယူခဲ့သည်။

ယမန်နေ့ကကျင်းပသည့်ပွဲတွင် လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်း နိုင်ပွဲရခဲ့သော်လည်း ခက်ခက်ခဲခဲကစားခဲ့ရပြီး နောက်ကျဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် အသင်းခေါင်းဆောင်သီဟစည်သူမှလွဲ၍ ဒေးဗစ်ဒန်း၊ နန္ဒကျော်၊ ဟိန်းသီဟဇော်၊ မာတူနာ၊ မက်ဆီမင်တို့ဖြင့် လူစုံအသုံးပြုခဲ့ပြီး ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့် Southern အသင်းမှာလည်း ကောင်းစည်သူ၊ ပြည့်ဖြိုးအောင် (ဂိုး) စသည့်အမာခံများကို အသုံးပြုခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ၈၁ မိနစ်တွင် နန္ဒကျော်က သွင်းယူခဲ့သည်။

 နာမည်ကြီးရန်ကုန်အသင်းသည် ဇယားထိပ်ပိုင်းမှ ဟံသာဝတီနှင့် ဧရာဝတီကို အမီလိုက်နိုင်ရန် အားထုတ်ခဲ့ပြီး ဂိုးဒါဇင်ဝက်ဖြင့် အနိုင်ရခဲ့သည်။ ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့် မကွေးအသင်းသည် ထူးထူးခြားခြားလုပ်မပြနိုင်ဘဲ အရေးနိမ့်ခဲ့ရသည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ၂၆ မိနစ်တွင် ဘာဖို၊ ၄၁ မိနစ်တွင် မောင်မောင်လွင်၊ ၄၅ မိနစ်တွင် အီမန်နျူရယ်၊ ၇၂ မိနစ်တွင် ရန်ပိုင်စိုး၊ ၈၂၊ ၈၉ မိနစ်တွင် ကြည်လင်းတို့က သွင်းယူခဲ့သည်။

ပွဲစဉ် (၁၀) အပြီးတွင် ဟံသာဝတီအသင်းက ၂၁ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဧရာဝတီအသင်းက ရမှတ် ၂၀၊ ရန်ကုန်အသင်းက ၁၇ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၁၄ မှတ်၊ရခိုင်အသင်းက ၁၃ မှတ်၊ စစ်ကိုင်းအသင်းက ၁၀ မှတ်၊ ရတနာပုံအသင်းက ခုနစ်မှတ်၊ မကွေးအသင်းက ခြောက်မှတ်၊ အားကာသိပ္ပံအသင်းက သုံးမှတ် Southern အသင်းက တစ်မှတ်ရထားသည်။ ယခုအမှတ်ပေးဇယားမှာ အသင်းဖျက်သိမ်းသွားသည့် ဇွဲကပင်နှင့် ချင်းယူနိုက်တက်အသင်းတို့၏ ပွဲရလဒ်များကို ပယ်ဖျက်ကာ ပြန်လည်ရေးဆွဲထားခြင်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်