ရန်ကုန် ၂၆ ဇွန်
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၄) ကို ဇွန် ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဇယားထိပ်ဆုံးမှ ဟံသာဝတီအသင်းနှင့် လက်ရှိချန်ပီယံ ရန်ကုန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။
ပွဲစဉ် (၁၄) ကို ပုံမှန်ကျင်းပနေသည့် စနေ၊ တနင်္ဂနွေနေ့အပြင် သောကြာနေ့တွင်ပါ ကျင်းပမည်ဖြစ်ပြီး ဟံသာဝတီနှင့် ရန်ကုန်၊ ဧရာဝတီနှင့် ရတနာပုံ၊ ရှမ်းယူနိုက်တက်နှင့် စစ်ကိုင်းအသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုများကြောင့် စိတ်ဝင်စားဖွယ်ကောင်းနေသည်။ ပွဲစဉ် (၁၄) အဖြစ် ဇွန် ၂၈ ရက်တွင် သုဝဏ္ဏကွင်း၌ Chinland အသင်းနှင့် Southern အသင်း၊ ဇွန် ၂၉ ရက်တွင် ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် ရန်ကုန်အသင်း၊ သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရခိုင်အသင်း၊ ဇွန် ၃၀ ရက်တွင် သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် ဒဂုံအသင်း၊ တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် စစ်ကိုင်းအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၁၃) အပြီးတွင် ဟံသာဝတီ အသင်းက ၂၅ မှတ်ဖြင့် ထိပ်ဆုံးသို့ ရောက်ရှိလာပြီး ရန်ကုန်အသင်းက ၂၄ မှတ်၊ ရှမ်းယူနိုက်တက်နှင့် စစ်ကိုင်းအသင်းက ၂၃ မှတ်စီ၊ ဧရာဝတီနှင့် ရတနာပုံအသင်းက ၂၁ မှတ်စီ၊ ရခိုင်အသင်းက ၁၉ မှတ်၊ ဇွဲကပင် အသင်းက ၁၄ မှတ်၊ ဒဂုံအသင်းက ၁၂ မှတ်၊ မကွေးအသင်းက ၁၀ မှတ်၊ Chinland နှင့် Southern အသင်းက ကိုးမှတ်စီ ရရှိထားသည်။ အမှတ်ပေးဇယားရပ်တည်မှုအရ အသင်းများအကြား အမှတ်ကွာဟမှု မရှိသောကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိပြီး ချန်ပီယံတိုက်ပွဲနှင့် တန်းဆင်းဇုန်တိုက်ပွဲအတွက် အသင်းများ အပြိုင်ဖြစ်နေသည်။ ယခုတစ်ပတ်တွင် တွေ့ဆုံနေသည့် ထိပ်ဆုံးမှ ဟံသာဝတီနှင့် ဒုတိယနေရာမှ ရန်ကုန်အသင်းတို့တွေ့ဆုံမှုမှာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန် နည်းပြဟောင်း ဦးမျိုးမင်းထွန်းကို ဟံသာဝတီအသင်းက ခေါ်ယူခဲ့ခြင်းကြောင့် ယခုပွဲ၏ Tempo ကို ပိုပြီး မြင့်စေမည်ဖြစ်သည်။ ယင်းနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုကို အမှတ်တူရထားသည့် ၂၃ မှတ်စီရထားသော ရှမ်းနှင့် စစ်ကိုင်း၊ ၂၁ မှတ်စီရထားသော ဧရာဝတီနှင့် ရတနာပုံအသင်းတို့က အခွင့်ကောင်းယူနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။
ထို့ပြင် တန်းဆင်းဇုန်အတွင်းမှ အသင်းများ၏ ရုန်းကန်မှုကိုလည်း စောင့်ကြည့်ရမည်ဖြစ်ပြီး ဇယားအောက်ဆုံး နှစ်သင်းဖြစ်သည့် Chinland အသင်းနှင့် Southern အသင်း၊ တန်းဆင်းဇုန်အန္တရယ်ရှိနေသည့် ဇွဲကပင်နှင့် ဒဂုံအသင်းတို့၏ ထိပ်တိုက်တွေ့ဆုံမည့်ပွဲများမှာ စိတ်ဝင်စားစရာကောင်းနေသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်