ရန်ကုန် ၅ မေ 

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၀) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ အသင်းကြီးအများစု နိုင်ပွဲပျောက်ဆုံးခဲ့သည်။

 

သုဝဏ္ဏကွင်းတွင် ကျင်းပသောပွဲတွင် ဇွဲကပင်အသင်းနှင့် ဧရာဝတီအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ဧရာဝတီအသင်း နိုင်ပွဲထပ်မံပျောက်ဆုံးခဲ့သောကြောင့် ထိပ်ဆုံးမှ အသင်းများနှင့် အမှတ်ကွာဟမှုလျော့ချနိုင်မည့် အခွင့်အရေးလက်လွှတ်ခဲ့ရသည်။ ယခုတစ်ပတ်တွင် အသင်းကြီးအများစု နိုင်ပွဲပျောက်ဆုံးမှုကို ဧရာဝတီအသင်းအနေဖြင့် အခွင့်အရေးမယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဇွဲကပင်အသင်းသည် ဦးဆောင်ဂိုးရသော်လည်း နိုင်ပွဲမရခဲ့ဘဲ သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရသည်။

 

ဧရာဝတီအသင်းသည် ကြားရက်တွင် ရှုံးထွက်ပွဲ ကစားထားရသော်လည်း လူစုံအသုံးပြုခဲ့သည်။ ဇွဲကပင်အသင်းမှာလည်း အမာခံကစားသမားများ အစုံအလင် အသုံးပြုကာ ရင်ဆိုင်ခဲ့သည်။ ခြေစွမ်းအရ ဧရာဝတီအသင်းသည် ခြေအသာဖြင့် ကစားနိုင်သော်လည်း အဆုံးသတ်အားနည်းခြင်း၊ ကွင်းလယ်နှင့်တိုက်စစ် ချိတ်ဆက်ရာတွင် အားနည်းချက်များရှိခြင်းကြောင့် ပထမပိုင်းတွင် ဂိုးပေါက်ပျောက်ဆုံးနေသည်။ ဒုတိယပိုင်းတွင် ဇွဲကပင်အသင်းက တိုက်စစ်မြင့်လာပြီး ၅၈ မိနစ်တွင် ပက်ထရစ်က ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းခဲ့သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် ဧရာဝတီအသင်း ပြန်ဖိကစားနိုင်သော်လည်း ကစားပုံမှာ အမှားများနေသောကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ ၇၅ မိနစ်တွင် ဧရာဝတီအသင်း ချေပဂိုးပြန်ရခဲ့ပြီး အောင်ကျော်နိုင်က သွင်းယူခဲ့ခြင်းဖြစ်သည်။

 

ဝေသာလီကွင်းတွင် ကျင်းပသောပွဲတွင် ရခိုင်အသင်းက ရတနာပုံအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရခိုင်အသင်းသည် ရတနာပုံ၏ နိုင်ပွဲပျောက်ဆုံးမှုကို အခွင့်ကောင်းယူကာ နိုင်ပွဲပြန်ရှာတွေ့ခဲ့သည်။ ရခိုင်အသင်းအတွက်ဂိုးများကို ၅၇ မိနစ်တွင် အဘူဘာကာ၊ ၅၉ မိနစ်တွင် ဇော်ဇော်နိုင်၊ ၉၀ မိနစ်တွင် ဆင်မြူရယ်တို့က သွင်းယူပြီး ရတနာပုံအတွက်ဂိုးများကို ၂၂၊ ၇၈ မိနစ်တွင် ဝင်းနိုင်စိုးက သွင်းယူခဲ့သည်။ မော်လမြိုင်ကွင်းတွင်ကျင်းပသောပွဲတွင် Southern အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။

 

ပွဲစဉ် (၁၀) အပြီးတွင် လက်ရှိချန်ပီယံ ရန်ကုန်၊ ရတနာပုံနှင့် ဟံသာဝတီအသင်းတို့ ရမှတ် ၂၀ စီ ရထားသော်လည်း ဂိုးကွာခြားချက်ဖြင့် ရန်ကုန်အသင်းက ထိပ်ဆုံးပြန်ရောက်သွားသည်။ ယင်းအသင်းများနောက်တွင် ရှမ်းယူနိုက်တက်အသင်းက ၁၈ မှတ်၊ဧရာဝတီအသင်းက ၁၇ မှတ်၊ စစ်ကိုင်းအသင်းက ၁၆ မှတ်၊ရခိုင်အသင်းက ၁၅ မှတ်၊ ဇွဲကပင်အသင်းက ၁၀ မှတ်၊ Southern အသင်းက ရှစ်မှတ်၊မကွေးအသင်းက ခုနစ်မှတ်၊ ဒဂုံအသင်းက ခြောက်မှတ်၊ Chinland အသင်းက ငါးမှတ်ရထားသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-ဖိုးသော်ဇင်