၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) ပထမနေ့ကို ယနေ့ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ စတင်ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက အား/ကာသိပ္ပံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် တန်းတက်အား/ကာသိပ္ပံအသင်းနှင့် စတင်တွေ့ဆုံခဲ့သော်လည်း အဖွင့်ပွဲတွင် အဝေးကွင်း၌ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းတွင် သွင်းယူခဲ့သည့် တိုက်စစ်မှူး ကိသ်မာတူနာ၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အဖွင့်ပွဲတွင် အမှတ်ပြည့် ရယူနိုင်ခဲ့သော်လည်း အကောင်းဆုံးပုံစံပြသနိုင်ရန် ရုန်းကန်နေရပြီး ယခုပွဲတွင်လည်း တစ်ဂိုးဖြင့်သာ ကပ်၍ အနိုင်ရခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး ချာရတီဖလားပြိုင်ပွဲတွင် ရန်ကုန်အသင်းကို အနိုင်ရခဲ့သည့်လူစာရင်းမှ တစ်ဦးသာ ပြောင်းလဲခဲ့သည်။ အား/ကာသိပ္ပံအသင်းမှာမူ လူငယ်လက်ရွေးစင်အဆင့်ရှိသည့် ကစားသမားများကို အခြေခံကာ ပွဲထွက်ခဲ့သော်လည်း MNL ထိပ်သီးကလပ်  ရှမ်းယူနိုက်တက်အသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိခဲ့ဘဲ ပေးဂိုးနည်းရန်သာ ခံစစ်ကိုဦးစားပေးကစားခဲ့သည်။ 

ရှမ်းယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် တစ်ဖက်သတ်နီးပါး ဖိကစားနိုင်သော်လည်း ဂိုးရရန် ဖန်တီးပေးမှု၌ အားနည်းနေသည့်အပြင် တစ်ဦးချင်းကစားပုံများမှာလည်း လိုအပ်ချက်များနေသောကြောင့် ပထမပိုင်းတွင် ဂိုး မရဘဲ ဂိုးမရှိသရေကျနေသည်။ 

ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ကစားသမားများအပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြှင့်ခဲ့ပြီး ရန်နိုင်ဦးနှင့် နန္ဒကျော်တို့ ဝင်လာပြီးနောက်ပိုင်းတွင် တောင်ပံတိုက်စစ် ပိုမိုထိရောက်ခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းသည် ဒုတိယပိုင်းတွင် ဂိုးရနိုင်သည့်အခွင့်အရေးများစွာ ရခဲ့သော်လည်း တစ်ဂိုးသာရခဲ့ပြီး ၆၂ မိနစ်တွင် တိုက်စစ်မှူး ကိသ်မာတူနာက သွင်းယူခဲ့ခြင်းဖြစ်သည်။ 

ထောင့်ကန်ဘောမှတစ်ဆင့် ရဲမင်းသူ ခေါင်းတိုက်သွင်းရာ ဘားထိထွက်လာသည့်ဘောလုံးကို ကိသ်မာတူနာက ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ အားကာသိပ္ပံအသင်းသည် ဒုတိယပိုင်းတွင် ဂိုးပေါက်ခြိမ်းခြောက်မှုအချို့ ပြုလုပ်နိုင်သော်လည်း ချေပဂိုးရအောင် စွမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် အဖွင့်ပွဲတွင် ရှုံးပွဲကြုံတွေ့ခဲ့သည်။

ပွဲစဉ် (၁) ဒုတိယနေ့ကို ဇန်နဝါရီ ၁၁ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် ရတနာပုံအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-အောင်ဇေ