၈ မတ်

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ရာပြည့်ဂိုး သွင်းယူခဲ့သည့် Southern အသင်းတိုက်စစ်မှူး ရှိုင်းသူရအား မတ် ၇ ရက်က ဆုချီးမြင့်ခဲ့သည်။

 

ရှိုင်းသူရသည် ဖေဖော်ဝါရီ ၂၂ ရက်က ပွဲစဉ် () အဖြစ် ယှဉ်ပြိုင်ကစားသည့် ချင်းယူနိုက်တက်အသင်းအား ရှစ်ဂိုး-သုံးဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ယခုရာသီ၏ သွင်းဂိုး ၁၀၀ ပြည့်ဂိုးအား သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းနေ့တွင် ပွဲစဉ်ပေါင်းများစွာ ကျင်းပခဲ့ပြီး ပွဲချိန် ၇၁ မိနစ်တွင် သွင်းယူသည့် ရှိုင်းသူရ၏ဂိုးမှာ ရာပြည့်ဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ရာပြည့်ဂိုးသွင်းရှင်များကို MPT ၏ ပံ့ပိုးမှုဖြင့် ဆုကြေးငွေများ ချီးမြင့်လျက်ရှိပြီး ယခုရာသီ၏ ရာပြည့်သွင်းဂိုးရှင် ရှိုင်းသူရကို မတ် ၇ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပသည့် ဇွဲကပင်အသင်းနှင့် Southern အသင်းပွဲမတိုင်မီ ဆုကြေးကျပ်သုံးသိန်း ပေးအပ်ချီးမြင့်ခဲ့သည်။
 

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ရာပြည့်ဂိုးသွင်းရှင်များကို ၂၀၁၈ ရာသီမှစ၍ ဆုကြေးချီးမြင့်ခဲ့ပြီး တစ်ရာသီအတွင်း သွင်းဂိုးစုစုပေါင်းမှာ ပျမ်းမျှ ၃၀၀ နှင့် ၄၀၀ ကြားရှိကြောင်း သိရသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်