မေ ၁၀
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် MNL ပြိုင်ပွဲအပါအဝင် ပြည်တွင်းပြိုင်ပွဲများကို ပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ဇွန်လနောက်ဆုံးပတ် သို့မဟုတ် ဇူလိုင်လဆန်းပိုင်းတွင် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့နိုင်ငံအားလုံးနီးပါးတွင် ဘောလုံးပြိုင်ပွဲများကျင်းပမှု ရပ်နားခဲ့ရသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ နိုင်ငံအချို့တွင် လိဂ်ပြိုင်ပွဲများ ပြန်လည်ကျင်းပလာပြီး မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေဖြင့်လည်း ပြည်တွင်းပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ ပြိုင်ပွဲကျင်းပနိုင်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ပြီး အခြားနိုင်ငံများ၏ လိဂ်ပြိုင်ပွဲများ ပြန်လည်စတင်သည့်အခြေအနေ၊ ကျန်းမာရေးစစ်ဆေးမှု၊ ရောဂါဖြစ်ပွားမှုမဖြစ်စေရန် ကြိုတင်ကာကွယ်မည့်အစီအစဉ်များ စတင်ပြုလုပ်နေပြီဖြစ်ကာ ကလပ်အသင်းများနှင့် ညှိနှိုင်းပြီးပါက မြန်မာနေရှင်နယ်လိဂ်ကော်မတီထံ တင်ပြမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြိုင်ပွဲစတင်နိုင်သည့်အနေအထားရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှသာ ကျင်းပနိုင်မည်ဖြစ်သည်။ ကလပ်အသင်းများနှင့် ဆွေးနွေးပါက ပွဲစဉ်များပြောင်းလဲမှု၊ ကစားမည့်ကွင်းအခြေအနေ၊ စီနီယာလိဂ်အပါအဝင် လူငယ်လိဂ်ပြိုင်ပွဲများအတွက် ပြင်ဆင်ထားမှု၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ကျင်းပမည့်အစီအစဉ်များအတွက်ပါ ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့ပြင် ကလပ်အသင်းများနှင့် ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးခြင်းကို အထူးကြပ်မတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က အတည်ပြုပြောကြားခဲ့သည်။
MNL ပြိုင်ပွဲအပါအဝင် ပြည်တွင်းပြိုင်ပွဲများကို မတ် ၂၄ ရက်မှစ၍ ရပ်နားထားပြီး ရက်ပေါင်း ၅၀ နီးပါးရှိလာပြီဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခုရာသီတွင် MNL စီနီယာလိဂ်ပြိုင်ပွဲ၊ MNL-2 စီနီယာလိဂ်ပြိုင်ပွဲ၊ MNL ယူ-၂၁ ပြိုင်ပွဲနှင့် MNL ယူ-၁၉ ပြိုင်ပွဲတို့ ကျင်းပလျက်ရှိသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ- စိုးညွန့်