၈ ဖေဖော်ဝါရီ
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ စစ်ကိုင်း၊ ဧရာဝတီနှင့် ရန်ကုန်အသင်းတို့ နိုင်ပွဲရရှိခဲ့သည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းအသင်းက ဇွဲကပင်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ စစ်ကိုင်းအသင်းသည် သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ဇွဲကပင်အသင်းကို ခြေအသာဖြင့်ကစားကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းအသင်းသည် နည်းပြဦးဇော်လင်းထွန်းလက်ထက်တွင် ပုံစံကောင်းပြန်ရလာပြီး ဒုတိယမြောက်နိုင်ပွဲ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဇွဲကပင်အသင်းမှာမူ ရာသီအစ ငါးပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီး ဖိအားများ သွားခဲ့သည်။
နှစ်သင်းစလုံး နိုင်ငံခြားသားကစားသမားအပါအဝင် လူစုံအသုံးပြုခဲ့ပြီး စစ်ကိုင်းအသင်းက ပွဲစကတည်းက ခြေအသာဖြင့် ကစားနိုင်ခဲ့သည်။ စစ်ကိုင်းအသင်း၏ ကစားပုံမှာ ယခင်ပွဲများထက် ပိုကောင်းခဲ့ပြီး ပွဲအစ ရှစ်မိနစ်မှာ ဖရိုင်းဒေး၏ ခေါင်းတိုက်ဂိုးကြောင့် အဖွင့်ဂိုးရခဲ့သည်။
ဇွဲကပင်အသင်းသည် ချေပဂိုးပြန်ရရန် ကြိုးပမ်းခဲ့သော်လည်း ကစားပုံမကောင်းသည့်အပြင် တိုက်စစ်ကစားပုံမှာလည်း အမှားများနေသောကြောင့် စစ်ကိုင်းအသင်းကသာ ပွဲကိုထိန်းချုပ်နိုင်ခဲ့သည်။ ၃၆ မိနစ်တွင် စစ်ကိုင်းအသင်း ပယ်နယ်တီ ကန်ခွင့်ရခဲ့ပြီး ပက်ထရစ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် စစ်ကိုင်းအသင်းက နှစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် ဇွဲကပင်အသင်း ချေပဂိုးရရန် ကြိုးပမ်းလာသော်လည်း ကစားပုံမှာ ပြောင်းလဲခြင်းမရှိသောကြောင့် စစ်ကိုင်းအသင်း၏ အလွယ်တကူ ဖျက်ထုတ်ခြင်းခံခဲ့ရပြီး စစ်ကိုင်းအသင်းကပင် ဂိုးသွင်းခွင့်ပိုရခဲ့သည်။ စစ်ကိုင်းအသင်းသည် ဒုတိယပိုင်းတွင် ဂိုးထပ်ရနိုင်သည့် အခွင့်အရေးများရသော်လည်း အသုံးမချနိုင်၍ တစ်ဂိုးသာထပ်ရခဲ့သည်။ စစ်ကိုင်းအသင်းအတွက် တတိယဂိုးကို ၈၂ မိနစ်တွင် ပက်ထရစ်က သွင်းယူခဲ့သည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက တန်းတက် အား/ကာသိပ္ပံအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ တန်းတက်အား/ကာသိပ္ပံအသင်းသည် ရလဒ်ကောင်းရရန် ကြိုးပမ်းခဲ့သော်လည်း နာမည်ကြီးရန်ကုန်အသင်းက အမှားအယွင်းမရှိဘဲ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သလို ဒုတိယပိုင်းတွင်လည်း ကြည်လင်းကို လူစားလဲအသုံးပြုခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ၄၂ မိနစ်တွင် အဘူဘာကာနှင့် ၅၈ မိနစ်တွင် မောင်မောင်လွင်တို့က သွင်းယူခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသော်လည်း ပြိုင်ဘက်အသင်းကြီးများကို အများဆုံးသွင်းဂိုးနှစ်ဂိုးသာ ခွင့်ပြုရသေးသည်။ ပုသိမ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက Southern အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှုံးပွဲဆက်နေသည့် Southern အသင်း၏ ရုန်းကန်မှုကြောင့် ဧရာဝတီအသင်း ခက်ခက်ခဲခဲကစားခဲ့ရပြီး နောက်ကျဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၅၆ မိနစ်တွင် စွမ်းထက်အောင်က Southern အသင်းအတွက် ဂိုးစတင်သွင်းယူခဲ့ပြီး ၈၂ မိနစ်တွင် ဗစ်တာက ဧရာဝတီအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ဧရာဝတီအသင်းအတွက် အနိုင်ဂိုးကိုမူ ၉၀+၄ မိနစ်တွင် နောက်ခံလူစိုးမိုးကျော်က ပြစ်ဒဏ်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက်က ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက မကွေးအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ပွဲစဉ် (၅) နောက်ဆုံးနေ့ကို ဖေဖော်ဝါရီ ၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်