ရန်ကုန် မတ် ၁၆
၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၂၂ ပထမနေ့ကို မတ် ၁၆ ရက်တွင် ကျင်းပရာ Dagon Port အသင်း အနိုင်ရသဖြင့် ရှုံးပွဲကြုံတွေ့ခဲ့ရသည့် ရခိုင်ယူနိုက်တက်အသင်း တန်းဆင်းခဲ့ရသည်။
သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် Dagon Port အသင်းက ရတနာပုံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ တန်းဆင်းဇုန်အတွက် အပြိုင်ဖြစ်နေသည့် နှစ်သင်း တစ်နေ့တည်း ကစားရခြင်းဖြစ်ပြီး ရခိုင်ယူနိုက်တက်အသင်း အရေးနိမ့်ခဲ့သဖြင့် နိုင်ပွဲရခဲ့သည့် Dagon Port အသင်း MNL တွင် ဆက်လက်ကျန်ရစ်ခဲ့သည်။ တန်းမဆင်းရရေး မဖြစ်မနေ နိုင်ပွဲရယူနိုင်ရန် လိုအပ်နေသည့် Dagon Port အသင်းသည် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာပြီး ပထမပိုင်း ပြီးခါနီးတွင် နောင်နောင်စိုး သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက ရခိုင်ယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် ရာသီပိတ်ပွဲများတွင် နိုင်ပွဲဆက်ကာအဆင့် (၄) နေရာရယူနိုင်ရန် အခြေအနေကောင်းသွားပြီး ရခိုင်ယူနိုက်တက်အသင်းမှာမူ တန်းဆင်းသွားရပြီ ဖြစ်သည်။ အား/ကာသိပ္ပံအသင်းအတွက် ဂိုးများကို ၃၄ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ခိုင်ရဲဝင်း၊ ၇၉ မိနစ်တွင် ကျော်ဇေယျတို့က သွင်းယူပြီး ရခိုင်ယူနိုက်တက်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၆၇ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဇင်မင်းထွန်းက သွင်းယူသည်။
ပွဲစဉ် (၂၂) ဒုတိယနေ့ကို မတ် ၁၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သီဟဒီပကွင်း၌ ရာမညယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်း၊ သုဝဏ္ဏကွင်း၌ မဟာယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MNL


