ရန်ကုန် ၁ ဖေဖော်ဝါရီ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၄) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ ဧရာဝတီအသင်းနှင့် အား/ကာသိပ္ပံအသင်း နိုင်ပွဲရရှိခဲ့သည်။


 

ပုသိမ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် သုံးပွဲဆက် အနိုင်ရလဒ်ကြောင့် ဇယားထိပ်ပိုင်းတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းမှာမူ ရာသီအစမှာပင် ဒုတိယမြောက် ရှုံးပွဲကြုံတွေ့ခဲ့ပြီး ဖိအားများသွားခဲ့ရသလို ဇယားထိပ်ပိုင်းမှ အသင်းများနှင့်လည်း အမှတ်ကွာဟသွားခဲ့သည်။

 

6


 

နှစ်သင်းစလုံးအတွက် အရေးပါသည့် ပွဲဖြစ်သည့်အပြင် အသင်းကြီးနှစ်သင်း တွေ့ဆုံသော ပွဲဖြစ်သောကြောင့် လူစုံထုတ်ကစားခဲ့သည်။ ဒဏ်ရာကြောင့် ရာသီအစပွဲစဉ်များကို လွဲချော်နေသည့် ရှမ်းယူနိုက်တက် ညာနောက်ခံလူ ဒေးဗစ်ဒန်းနှင့် ဧရာဝတီကွင်းလယ် ကစားသမား လွင်မိုးအောင်တို့ ယခုပွဲတွင် ပြန်လည်ပါဝင်လာပြီး ပွဲစကတည်းက နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်နိုင်ခဲ့သည်။ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သလို ပထမပိုင်းကတည်းက ဂိုးသွင်းခွင့်များ အပြန်အလှန်ဖန်တီးနိုင်ခဲ့သည်။

 

ဂိုးရနိုင်သည့် အခွင့်အရေးများ နှစ်သင်းစလုံး ရရှိခဲ့သော်လည်း အဆုံးသတ် အားနည်းခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းတွင်လည်း နှစ်သင်းစလုံး တိုက်စစ်မြင့်ခဲ့ပြီး ၄၇ မိနစ်တွင် ရှမ်းယူနိုက်တက် တိုက်စစ်မှူး ဇင်မင်းထွန်း၏ အနီးကပ်ကန်သွင်းမှုကို ဧရာဝတီဂိုးသမား ကျော်ဇင်ဖြိုး ကာကွယ်နိုင်ခဲ့သလို ဧရာဝတီအသင်းခေါင်းဆောင် သီဟဇော်၏ အပိုင်ကန်သွင်းမှုမှာလည်း လွဲချော်ခဲ့၍ နစ်နာခဲ့ရသည်။ ၅၆ မိနစ်တွင် ဧရာဝတီအသင်းအနိုင် ဂိုးရခဲ့ပြီး သီဟဇော်၏ ဖန်တီးပေးမှုကို ဆာဆက်က ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ရှမ်းယူနိုက်တက်အသင်း ချေပဂိုးရရန် ကြိုးပမ်းသော်လည်း ဧရာဝတီအသင်းခံစစ်က အမှားအယွင်းမရှိ ထိန်းချုပ်နိုင်ခဲ့သည်။


 

မန္တလာသီရိကွင်း၌ ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက ချင်းယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ တန်းတက်နှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး အား/ကာသိပ္ပံအသင်းက ရှုံးပွဲဆက်နေမှုကို ရပ်တန့်ကာ ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့သည်။ အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုးကို ၈၂ မိနစ်တွင် ထက်အာကာလင်းက သွင်းယူပေးခဲ့သည်။ ယမန်နေ့က သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဇွဲကပင်အသင်းနှင့် မကွေးအသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။

 

ပွဲစဉ်(၄) နောက်ဆုံးနေ့ကို ဖေဖော်ဝါရီ ၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် စစ်ကိုင်းအသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ရတနာပုံအသင်း၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် Southern အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ကိုဇေ